The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

BOT စနစ်ဖြင့်ဆောင်ရွက်ခွင့်ပြုထားသော ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအတွက် ပဋိညာဉ် စာချုပ်ချုပ်ဆိုမှုများအရစီမံကိန်းလုပ်ငန်းအားလုံးနိုင်ငံတော်သို့လွှဲပြောင်းအပ်နှံရမည့်ကာလအာ ပြန်လည်ပြင်ဆင်ညှိနှိုင်းချုပ်ဆိုရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)

               မြန်မာနိုင်ငံတွင် BOT စနစ်ဖြင့် ဆောင်ရွက် ခွင့်ပြုထားသည့် ရေအားလျှပ်စစ်စီမံ ကိန်းလုပ်ငန်းများ နှင့်ပတ်သက်ပြီး နိုင်ငံတော်က နစ်နာဆုံးရှုံးမှုမရှိအောင် သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ထားမှုအခြေအနေများကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သည့် အခါတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများဖြင့် ဆောင်ရွက်ခွင့်ပြုလျက် ရှိသည်ကို သိရပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို BOT စနစ်ဖြင့် ဥပမာအားဖြင့် သောက်ရေခပ်(၂) ရေအား လျှပ်စစ်စီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီကို ၃၁-၁၂-၂၀၀၉ ရက်နေ့မှလည်းကောင်း၊ ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းကို အနာဂတ်စွမ်းအင်ကုမ္ပဏီကို ၃၁-၁၂-၂၀၀၉ ရက်နေ့မှ လည်းကောင်း၊ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ၁၇-၁-၂၀၁၁ ရက်နေ့တွင်လည်းကောင်း၊ မိုင်းဝရေအား လျှပ်စစ်စီမံကိန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ၂၂-၃-၂၀၁၆ ရက်နေ့ တွင်လည်းကောင်း၊ နမ့်ပေါ်ရေအား လျှပ်စစ်စီမံကိန်းကို ၁၆-၃-၂၀၁၆ ရက်နေ့တွင် ဂရိတ် ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်ကိုလည်းကောင်း ပဋိညာဉ်စာချုပ်ချုပ်ဆို ဆောင်ရွက် ခွင့်ပြုခဲ့ကြောင်းကို သိရပါကြောင်း၊ကုမ္ပဏီအသီးသီးကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုသည့်အခါ သက်ဆိုင်ရာ ကုမ္ပဏီများက မိမိပိုင် ငွေအရင်းအနှီးများနှင့် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင်တာဝန်ယူဆောင်ရွက်သွားမည်သာဖြစ်သော်လည်း  စီမံကိန်းလုပ်ငန်းများမှာ လိုအပ်သည့် ငွေအရင်းအနှီးရရှိရန် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနက နိုင်ငံခြားဘဏ်များမှ တာဝန်ခံချေးယူပေးခဲ့ရခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများကို သက်ဆိုင် ရာကုမ္ပဏီများထံမှ ဝယ်ယူရာတွင် သက်ဆိုင်ရာပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို Down Payment အဖြစ် နိုင်ငံပိုင်နိုင်ငံခြားငွေများဖြင့် စိုက်ထုတ်ပေးချေခဲ့ရကြောင်းကို သိရပါကြောင်း၊ ဥပမာအနေဖြင့် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းအတွက် စက်ပစ္စည်းတန်ဖိုး US Dollar ၇၇ သန်း၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် Down Payment US Dollar ၇.၇ သန်းကို စာချုပ်ချုပ်သည့်နေ့ ၂၁-၁-၂၀၁၀ ရက်နေ့တွင် စိုက်ထုတ်ပေးခဲ့ကြပြီး ကျန်ပစ္စည်းတန်ဖိုး US Dollar ၆၉.၃၀၀ သန်းကို EXIM Bank မှ နိုင်ငံတော်က တာဝန်ယူချေးပေးခဲ့ရသည်ကိုသိရပြီး စိုက်ထုတ်ပေးချေလိုက်ရသည့် Down Payment ၁၀ ရာခိုင်နှုန်းကို တာဝန်ရှိသည့်ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ၁၂ ရက်ဖြင့် အပြေအကျေ ပေးဆပ်ရန် တာဝန်ရှိသော်လည်း ၃-၃-၂၀၁၇ ရက်နေ့အထိ US Dollar ၂.၅၆၇ သန်း မပေးဆပ်နိုင် သေးကြောင်းကို သိရကြောင်း၊ အလားတူ ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းမှာ ၁၀ ရာခိုင် နှုန်း Down Payment ၁၀ ရာခိုင်နှုန်း၊ US Dollar ၁၆၈ သန်းနှင့် EXIM Bank ကနေ နိုင်ငံတော်ကနေ တာဝန်ခံ ချေးပေးရသည့် US Dollar ၂၈.၅၁၂ သန်းရှိကြောင်းသိရပြီး ထိုရေအားလျှပ်စစ်စီမံကိန်းများကို ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆောင်ရွက် ခွင့်ပြုသည့်နေရာတွင် နိုင်ငံပိုင်မြေကို အသုံးပြုမှုအပေါ် မြေငှားရမ်းခနှင့် ပရီမီယမ်ကြေးများ ပေးသွင်းရန်လိုအပ်ကြောင်းလည်း သိရပါကြောင်း၊ထို BOT စနစ်အရ လုပ်ငန်းတည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်း စသည့်လုပ်ငန်းစဉ်များအရ နိုင်ငံတော်ကို လုပ်ငန်းအားလုံး လွှဲပြောင်းအပ်နှံရမည့် ကာလသည် နှစ် ၆၀ ဟုသိရသည့်အတွက် နိုင်ငံတော်က ပြန်လည်လက်ခံသည့်အချိန်တွင် စက်စွမ်းအားများသည် နိုင်ငံတော်မှ အသုံးချ လို့ရနိုင်မည့် အခြေအနေ မဖြစ်နိုင်သည့်အတွက် အကျိုးမရှိ နိုင်ကြောင်း သုံးသပ်ရပါကြောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့် ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများမှာ နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် Down Payment များ ပြန်လည် ရရှိပေးမှု စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများ ထုတ်ယူပြီးမှု၊ ပြန်လည်‌ပေးဆပ် ပေးမှု၊ သက်ဆိုင်ရာ ကုမ္ပဏီများထံမှ ပြန်လည်ကောက်ခံရရှိပြီးမှု၊ နိုင်ငံပိုင်မြေအသုံးချမှုအပေါ် မြေအသုံးချမှု ပရီမီယမ်ကြေးများ၊ မြေငှားရမ်းခများ ကောက်ခံရရှိပြီးမှု၊ ရရန်ရှိသည့်ငွေများနှင့် အရေးယူ ဆောင်ရွက်ထားမှု အခြေအနေများ၊ ပဋိညာဉ်စာချုပ်ချုပ်ဆိုမှုများအရ စီမံကိန်းလုပ်ငန်းများ အားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းအပ်နှံရမည့်ကာလအား ပြန်လည်ပြင်ဆင်ညှိနှိုင်းချုပ်ဆိုရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

      ယခင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအုပ်ချုပ်မှုအောက်ရှိ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနသည် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တည်ဆောက် မောင်းနှင်လွှဲပြောင်းစနစ် (Build perate Transfer – BOT) ဖြင့် စီမံကိန်း(၅)ခုကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းတို့မှာ သောက်ရေခပ်(၂)၊ ဘီလူးချောင်း(၃)၊ အထက် ဘီလူးချောင်း၊ မိုင်းဝနှင့် နမ့်ပေါ်ရေအားလျှပ်စစ် စီမံကိန်းများဖြစ်ပါကြောင်း၊ သောက်ရေခပ် (၂)နှင့် ဘီလူးချောင်း(၃) စီမံကိန်းများသည် ယခုအချိန်တွင် ဓာတ်အားထုတ်နေပြီ ဖြစ်ပါကြောင်း၊ ကျန် (၃) ခုဖြစ်သည့် အထက်ဘီလူးချောင်း၊ မိုင်းဝနှင့် နမ့်ပေါ် ရေအားလျှပ်စစ် စီမံကိန်းများသည် တည်ဆောက်နေဆဲဖြစ်ပါကြောင်း၊ သောက်ရေခပ်(၂)နှင့် ဘီလူးချောင်း (၃) စီမံကိန်း (၂)ခုဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ EXIM Bank of China ထံမှချေးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှတစ်ဆင့်တာဝန်ယူပြီး ချေးယူရပါကြောင်းနှင့် ပြန်ဆပ်ပေးရပါကြောင်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် ရွှေစွမ်းအင်ကုမ္ပဏီတို့သည် ၁၈-၁-၂၀၁၁ ရက်နေ့တွင် လည်းကောင်း၊ အနာဂတ်စွမ်းအား ကုမ္ပဏီနှင့် ၁၂-၁-၂၀၁၂ ရက်တွင်လည်းကောင်း အသီးသီးလက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း၊ သောက်ရေခပ်(၂) စီမံကိန်းအတွက် Down Payment ၁၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇.၇ သန်းကို ဌာနမှ စိုက်ထုတ်ပေးခဲ့ရပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ရွှေစွမ်းအင် ကုမ္ပဏီက ဌာနသို့အပြည့်အဝ ပေးဆပ်ပြီးဖြစ်ပါကြောင်း၊ ဘီလူးချောင်း(၃) စီမံကိန်းအတွက် Down Payment ၁၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၃.၁၆၈ သန်းကို ဌာနမှစိုက်ထုတ်ပေးခဲ့ပြီး ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် အနာဂတ်စွမ်းအားကုမ္ပဏီက ဌာနသို့ အပြည့်အဝ ပေးဆပ်ပြီးဖြစ်ပါကြောင်း၊ သောက်ရေခပ်(၂) စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆၉.၃ သန်းနှင့် ဘီလူးချောင်း (၃) စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၈.၅၁၂ သန်းတို့ကို လိုအပ်သော စက်ပစ္စည်းများဝယ်ယူခြင်း အတွက် ၂၀၁၄-၂၀၁၅ ခုနှစ်တို့တွင် အသီးသီး ထုတ်ယူပြီးဖြစ်ပါကြောင်း၊ ချေးငွေအပေါ် ပြန်လည်ပေးဆပ်မှုမှာ သောက်ရေခပ်(၂) စီမံကိန်းအတွက် အရင်း (၉) ကြိမ်၊ အတိုး (၁၈) ကြိမ်နှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၆.၁၆၅ သန်းကို ရွှေစွမ်းအင်ကုမ္ပဏီမှ ဌာနသို့အပြည့်အဝ ပြန်လည်ပေးဆပ်ပြီး ဖြစ်ပါကြောင်း၊ ဘီလူးချောင်း (၃)စီမံကိန်းအတွက် အရင်း (၈) ကြိမ်၊ အတိုး (၁၇) ကြိမ် စီမံခန့်ခွဲမှု စရိတ်နှင့် ကတိကဝတ်ကြေးများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅.၁၃၄ သန်းကို အနာဂတ် စွမ်းအားကုမ္ပဏီလီမိတက်မှ ဌာနသို့အပြည့်အဝ ပြန်လည်ပေးဆပ်ပြီး ဖြစ်ပါကြောင်း၊  အထက် ဘီလူး ချောင်းစီမံကိန်းအတွက် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီနှင့် ၁၇-၁-၂၀၁၁ ရက်တွင် လည်းကောင်း၊ မိုင်းဝစီမံကိန်းအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖွံ့ဖြိုးရေးကုမ္ပဏီ နှင့် ၂၂-၃-၂၀၁၆ ရက်တွင် လည်းကောင်း၊ နမ့်ပေါ်စီမံကိန်းအတွက် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီနှင့် ၁၆-၃-၂၀၁၆ ရက်တွင်လည်းကောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်ရန် ဌာနနှင့်စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ အထက်ဘီလူးချောင်း စီမံကိန်းကို Joint Venture (JV) စနစ်ဖြင့် လုပ်ဆောင်ရန်၁၄-၈-၂၀၁၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၄)ဖြင့် ခွင့်ပြုခဲ့ပါ ကြောင်း၊ စီမံကိန်းအတွက် စက်ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သည့် China National Heavy Machinery  Corporation – CHMC ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ၁၀ ရာခိုင်နှုန်း Down Payment အဖြစ် အမေရိကန်ဒေါ်လာ ၀.၄၆၈ သန်းနှင့် တရုတ်ယွမ်ငွေ ၁၂.၇၅၂ သန်းကို ပေးချေ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ အထက်ဘီလူးချောင်း (၃)စီမံကိန်းအတွက် တရုတ်နိုင်ငံ၏ EXIM Bank ချေးငွေရယူထားခြင်း မရှိပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံငွေဖြင့်ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ ဓာတ်အား ပေးစက်ရုံများ ပြန်လည်လည်ပတ်ပါက ပြန်လည်ပေးဆပ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံပိုင်မြေ အသုံးပြုမှုအပေါ် မြေငှားရမ်းခနှင့် ပရီမီယံကြေးများတွက် သောက်ရေခပ် (၂)စီမံကိန်း၏ မြေငှားခ၊ ပရီမီယံကြေးကို ကျပ်သိန်း (၁၀၀၀)ကို ၂၄-၉-၂၀၁၀ ရက်နှင့် ၂၃-၁၀-၂၀၁၃ ရက်တို့တွင် နှစ်ကြိမ်ခွဲ၍ ရရှိပြီးဖြစ်ပါကြောင်း၊ ဘီလူးချောင်း (၃) စီမံကိန်း၏မြေငှားခ၊ ပရီမီယံကြေး ကျပ် သိန်း(၅၀၀)ကို ၂၇-၇-၂၀၁၀ ရက်နှင့် ၂၃-၅-၂၀၁၄ ရက်တို့တွင် နှစ်ကြိမ်ခွဲ၍ ရရှိပြီးဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်း၊ မိုင်းဝနှင့် နမ့်ပေါ်စီမံကိန်းတို့မှာ တည်ဆောက် ဆဲများဖြစ်၍ ကျပ်သိန်း ၅၀၀ စီ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်း (၃)ခုစလုံးတွင် ပထမအရစ် ကျပ်သိန်း (၂၅၀) စီကို ၇-၂-၂၀၁၁ ရက်တွင်လည်းကောင်း၊ ၂၂-၃-၂၀၁၆ ရက်တွင် လည်းကောင်း၊ ၂၄-၃-၂၀၁၆ ရက်တွင် လည်းကောင်း စီမံကိန်းအလိုက် အသီးသီးပေးသွင်းပြီး ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် BOT စနစ်အရ တည်ဆောက်လည်ပတ်လုပ်ငန်း လွှဲပြောင်းခြင်း ကာလ နှစ်ပေါင်း ၅၀(+၅+၅) အဖြစ် သတ် မှတ်ခွင့်ပြုချက်များသည် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်၊ ယခင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်အရ သတ်မှတ်ခွင့်ပြုထားခြင်း ဖြစ်ပါ ကြောင်း၊ ပဋိညာဉ်စာချုပ်များ သက်တမ်းကုန်ဆုံး၍ နိုင်ငံတော်သို့ ပြန်လည်လွှဲအပ်ရမည့်အချိန်တွင် စာချုပ်ပါမြေနှင့် ရင်းနှီး မြှုပ်နှံထားသော စက်ကိရိယာများ၊ အဆောက်အဦများကို လုပ်ငန်းလုပ်ကိုင် သူက ကောင်းမွန်စွာ ထိန်းသိမ်းထားသော အနေအထားအတိုင်း အဖိုးစားနားမပါဘဲလွှဲပြောင်းပေး အပ်ရမည်ဟု ပါရှိပါသောကြောင့် ပြန်လည်လက်ခံ ရရှိသည့်အချိန်တွင် ကောင်းမွန်သော အနေ အထားအတိုင်း ပြန်လည်ရရှိမည် ဖြစ်ပါကြောင်းနှင့် BOT ကာလကို ပြန်လည်ပြင်ဆင်ရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

https://www.pyithuhluttaw.gov.mm/question-4294

27-May-2020