The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားရရှိခြင်း မရှိသေးပါသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးစတီဖန်(ကျိုင်းတုံ မဲဆန္ဒနယ်)

         လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ သွယ်တန်းလျက် ရှိသော နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီလိုင်း တည်ဆောက်မှုသည် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သော်လည်း ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် မဟာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိခြင်း မရှိသေးပါသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိ လိုပါသဖြင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းဖြစ်ပါကြောင်း၊၆-၂-၂၀၁၉ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျိုင်းတုံမြို့နယ် ခရီးစဉ်၌ ကျိုင်းတုံ မြို့မိ မြို့ဖတစ်ဦးမှ ကျိုင်းတုံမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ် တည်ဆောက်ပေး လျက်ရှိသော်လည်း အချိန်မီ မပြီးစီးသဖြင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ပေး ပါရန် တင်ပြချက်အရ နိုင်ငံတော်အတိုင်ပင်ခံမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မဟာဓာတ်အား လိုင်း စတင်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်ကို ‌ဖြေကြားခဲ့ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် ၂၃၀/၆၆ ကေဗွီ ဓာတ်အားခွဲရုံသည် ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်သို့ ရောက်ရှိပြီး နိုင်ငံတော် အတိုင်ပင်ခံ ပြောကြားခဲ့သည့် ၆-၁-၂၀၁၉ ရက်နေ့မှ ရေတွက်မည်ဆိုပါက တစ်နှစ်ကျော်ပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း မိုင်းပျဉ်းမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား မရရှိသေးပါသဖြင့် လျှပ်စစ်ဓာတ်အား အလျင်အမြန် ရရှိရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

           လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသရှိ ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေမှ Turnkey စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂၃၀/၁၃၂/၁၁ ကေဗွီ၊ (၁၂၅)အမ်ဗွီအေ နမ့်စန် ဓာတ်အားခွဲရုံကို ၁၄-၉-၂၀၁၈ ရက်တွင် လည်းကောင်း၊ ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၂၅) အမ်ဗွီအေ ကျိုင်းတုံ ဓာတ်အားခွဲရုံကို ၂၁-၁၁-၂၀၁၈ ရက်တွင် လည်းကောင်း၊ ၂၃၀/၆၆/၁၁ ကေဗွီ၊ (၆၀)အမ်ဗွီအေ မိုင်းပျဉ်း ဓာတ်အားခွဲရုံကို ၄-၈-၂၀၁၉ ရက်များတွင် လည်းကောင်း၊ ခွဲရုံများကို အသီးသီးတည်ဆောက်ပြီး ဖြစ်ပါ ကြောင်း၊ အဆိုပါ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း ၁၅၂ မိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၁-၅-၂၀၂၀ ရက်နေ့တွင် ၉၂.၈၆ ရာခိုင်နှုန်းထိ ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၃၁ မိုင်ခန့် ကြိုးဆွဲရန် ကျန်ရှိနေပြီး၊ ၎င်းဓာတ်အားလိုင်း စီမံကိန်းအား ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက် ရှိပါကြောင်း၊ မိုင်းပျဉ်းမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အား ရောက်ရှိလာပါက အသင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိုင်းပျဉ်း ဓာတ်အားခွဲရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ၁၀၀ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ပါကြောင်း၊မိုင်းပျဉ်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ၊ ဖြန့်ဖြူးရေးထရန်စဖော်မာများ တည်ဆောက်ခြင်းကို ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ် နှစ်နှစ်ခွဲပြီး ဆောင်ရွက် လျက် ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မိုင်းပျဉ်းမြို့နှင့် ကျေးရွာ ၁၅ ရွာတွင် ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၁.၅၃ မိုင်၊ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၁၁ လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂၂.၉၅ မိုင် တည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်နယ် အစိုးရရန်ပုံငွေမှ ၁.၅၈ ဘီလီယံခန့် ဆောက်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ လေးရွာအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇.၄၅ မိုင်၊ ဖြန့်ဖြူးရေး ထရန်စဖော်မာ သုံး လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၇၅ မိုင် တည်ဆောက်ခြင်းများကို ပြည်နယ်အစိုးရ ရန်ပုံငွေမှ ၆၂၉.၄ သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးပါက မိုင်းပျဉ်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၅ ရွာကို နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျိုင်းတုံမြို့တွင်း ဓာတ်အားဖြန့်ဖြူးရန်အတွက် ၆၆/၃၃ ကေဗွီ (၂၀)အမ်ဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၆၆/၁၁ ကေဗွီ (၂၀)အမ်ဗွီ​အေ ထရန်စဖော်မာ တစ်လုံးနှင့် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ ထရန်စဖော်မာ တစ်လုံးတို့ကို ကျိုင်းတုံခွဲရုံတွင် တပ်ဆင်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ထရန်စဖော်မာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် JICA(MY-P20) ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း၊ ယင်းထရန်စဖော်မာများကို တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စု လမ်းမကြီး ပေါ်ရှိ တာကော်တံတား၏ ခံနိုင်ဝန်အားထက် ကျော်လွန်နေသည့်အတွက် ၎င်းထရန် စဖော်မာများကို ပြည်တွင်းလမ်းကြောင်းမှ သယ်ယူ၍ မရနိုင်သည့်အတွက် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်ပြီး ကျိုင်းတုံမြို့ကို သယ်ပို့ရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက် နေပြီ ဖြစ်ပါကြောင်း၊ကပ်ရောဂါ COVID-19 ကြောင့် နိုင်ငံဖြတ်ကျော်ပို့ဆောင်ရန် အခက်အခဲရှိ သည့်အတွက် ဌာနအစီအစဉ်ဖြင့် ၆၆/၃၃ ကေဗွီ (၅) အမ်ဗွီအေ ထရန်စဖော်မာ တစ်လုံးနှင့် ၆၆/၁၁ ကေဗွီ (၄) အမ်ဗွီအေ ထရန်စဖော်မာ အသေးတစ်လုံးစီကို ကျိုင်းတုံကို အရောက် ပို့ဆောင်ပြီး ကြိုတင်လျှပ်စစ်မီးရရှိရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ၊  ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေး လိုင်းများနှင့် ဖြန့်ဖြူးရေး ထရန်စဖော်မာများ တည်ဆောက်ခြင်းကို ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ် နှစ်နှစ်ခွဲပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျိုင်းတုံမြို့နယ်အတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၆.၅ မိုင်၊ ၃၃/၁၁ ကေဗွီ (၂) အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ၊ ကျေးရွာ ၂၄ ရွာနှင့် ၁၁ ကေဗွီလိုင်း ၁၂.၇၅ မိုင်၊ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၁၇ လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၀.၄ မိုင် တည်ဆောက်ခြင်းများကို ပြည်နယ်အစိုးရ ရန်ပုံငွေမှ ကျပ် ၃.၀၈ ဘီလီယံဖြင့် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၃၃ ရွာ ဓာတ်အား ဖြန့်ဖြူးရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၇.၄ မိုင်၊ ဖြန့်ဖြူးရေး ထရန်စဖော်မာ ၂၇ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂၄.၇၉ မိုင် တည်ဆောက်ခြင်းကို ပြည်နယ်အစိုးရရန်ပုံငွေမှ ၂.၄ ဘီလီယံခန့်ဖြင့် စက်တင်ဘာလအတွင်း ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီဓာတ်အားလိုင်း တည်ဆောက်ပြီးပါက ကျိုင်းတုံမြို့နှင့် ပတ်ဝန်းကျင် ၅၅ ရွာကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပျဉ်းမြို့၊ ကျိုင်းတုံမြို့နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရွာများသို့ ၂၀၂၀ ပြည့်နှစ် ဇွန်လခန့်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ စတင်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

https://www.pyithuhluttaw.gov.mm/question-4296

 

 

27-May-2020