The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးကြန့်ကြာနေမှုအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး သွားရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဦးနေထက်ဝင်း (ဆင်ပေါင်ဝဲ မဲဆန္ဒနယ်)

           ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ မိမိ၏ မဲဆန္ဒနယ် မြေအတွင်းတွင် Solar Minigrid ကျေးရွာသုံးရွာအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာမီးလင်းနိုင်ခဲ့ပြီး မဲဆန္ဒနယ်မြေကို အကျိုးကျေးဇူးပြုနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် ကျေးရွာပေါင်း ၁၈ ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်သောကြောင့် အိမ်ထောင်စု ပေါင်း ၂,၇၀၀ ကျော်၊ လူဦးရေ ၁၅,၀၀၀ ခွဲနီးပါးကို ဆက်လက် အကျိုးပြုသွားနိုင်မည် ဖြစ်သောကြောင့် ၂၀၃၀ ခုနှစ်မတိုင်မီတွင် တစ်နိုင်ငံလုံး မီးလင်းရေးစီမံချက်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် နေပါသလားဟု ဆိုသည့်အသိဖြင့် ကျေနပ်အားရနေမိခဲ့ပါကြောင်း၊ သို့သော် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP)ပထမအဆင့်အနေဖြင့် မိမိ၏ မဲဆန္ဒ နယ်မြေ အတွင်းတွင်ရှိသည့် ကြာအင်းကျေးရွာ၊ သမန်းကြီးကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာ၊ မကျီးပင်ပု ကျေးရွာ၊ ဒေါင်းလှကျေးရွာ၊ ဝါးရှိကုန်းကျေးရွာ၊ ဝါးရှိချိုင့်ကျေးရွာ၊ အင်းပလက်ကျေးရွာ၊ ဖိုစွတ် ကျေးရွာ၊ သစ်စီးကြောင်း ကျေးရွာ၊ လှေဝန်းကျေးရွာစသည့် ကျေးရွာ(၁၁) ရွာကိုရွေးချယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်စတင်ကာ မီးလင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့သကဲ့သို့ လိုအပ်သော ထရန်စဖော်မာများတပ်ဆင်ခြင်း၊ လမ်းမီးတိုင် စိုက်ထူခြင်းများလည်း လေးနှစ်တာ ကာလ အတွင်းတွင် အားလုံးပြီးစီးနေခဲ့ပြီဖြစ်ပါကြောင်း၊NEP စီမံချက်ထဲမှ ကျေးရွာအချို့သည် ရန်ကုန်မြေ ကားလမ်းဘေးမှ ကျေးရွာများ ဖြစ်ပြီး ကားလမ်းနှင့် ဝေးသည့် ချောင်ကျသည့်ကျေးရွာများက အရင်ဆုံးမီးလင်းကုန်ပြီး ၎င်းတို့ NEP ကျေးရွာများကတော့ ယခုထိမီးရရန် စောင့်ဆိုင်းနေရဆဲ ဖြစ်ပါကြောင်း၊ ဆက်စပ်ပစ္စည်းများ ကြန့်ကြာနေမှုကြောင့်ဟု မိမိတို့ဖြေရှင်းချက်များ ရှင်းလင်း ချက်များ အမျိုးမျိုးပေးနေခဲ့ရသည်လည်း ကာလကြာပြီ ဖြစ်ကြောင်း၊ လေးနှစ် ကျော်လည်း ရှိလာပြီဖြစ်သည့်အတွက် မကြန့်ကြာသင့်တော့ဘဲ အမြန်ဆုံး မီးလင်းသင့် တာကြောင့် ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊သို့ပါ၍ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းတွင်ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကြာအင်း၊ သမန်းကြီး၊ ကုက္ကိုစမ်း၊ မကျီးပင်ပု၊ ဒေါင်းလှ၊ ဝါးရှိကုန်း၊ ဝါးရှိချိုင့်၊ အင်းပလက်၊ ဖိုစွတ်၊ သစ်စီးကြောင်း၊ လှေဝန်းစသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ကြန့်ကြာနေမှုများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက် ပေးသွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် NEP ပထမအဆင့်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် မကွေးတိုင်းဒေသကြီးအတွက် သံလက်တန်းနှင့် ဆက်စပ် ပစ္စည်းများ(Steel Parts and Accessories)တို့ကို တင်ဒါအောင်မြင်ထားသည့် တရုတ်နိုင်ငံမှ Gaungdong Disheng Tower Co., Ltd. ၏ပျက်ကွက်မှုကြောင့် ပစ္စည်းများအချိန်မီပေးပို့မှုမရရှိ ခဲ့ပါသဖြင့် တည်ဆောက်ရေး လုပ်ငန်းများနှောင့်နှေး ကြန့်ကြာ နေရခြင်းဖြစ်ပါကြောင်း၊ပစ္စည်းများ အချိန်မီပေးပို့နိုင်ခြင်းမရှိသည့် Gaungdong Disheng Tower Co., Ltd. ကို စာချုပ်ပါ အချက်အလက်များနှင့် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း စာချုပ် Termination ပြုလုပ်ခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်ညှိနှိုင်းဆွေးနွေးပြီး ကမ္ဘာ့ဘဏ် ၏ Guide Line အရ Performance Guarantee သိမ်းခြင်း၊ ကမ္ဘာ့ဘဏ် သို့ Objection ပေးပို့ ၍ Black List ပြုလုပ်ခြင်း စသည့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက် လျက်နေပါကြောင်း၊ထို့အပြင် Gaungdong Disheng Tower Co., Ltd ထံမှ သံလက်တန်းများ အချိန်မီမရသည့်အတွက်ကြောင့် ကြားထဲတွင် အစားထိုးစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပိုလျှံသည့်(Steel Parts and Accessories) သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများ ကိုလည်း လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ရွှေ့ပြောင်းပြီး သယ်ယူပို့ဆောင် ပေးခြင်းလုပ်ငန်းကို ၁၅-၁-၂၀၂၀ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး ပစ္စည်းများ ပေးပို့ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်နေသည့်အပြင် NEP-1 ၏ Phase-2 အတွက် လိုအပ်သည့် သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမည့်တင်ဒါကိုလည်း မူလတင်ဒါခေါ်မည့်အချိန်ထက်စော၍ ၁၄-၈-၂၀၁၉ ရက်နေ့တွင် ခေါ်ဆိုခဲ့ပါကြောင်း၊ ၎င်းတင်ဒါ တွင် Gaungdong Disheng Tower Co., Ltd ကပေးသွင်းရန် နှောင့်နှေးနေသည့်ပစ္စည်းများကို တစ်ပါတည်းထည့်သွင်းခေါ်ဆိုခဲ့ပါကြောင်း၊ယခုအခါတွင် ၎င်းကုမ္ပဏီက တင်ဒါအောင်မြင် သည်မှာ အိန္ဒိယနိုင်ငံမှ Ganges International Pvt. Co.,Ltd ဖြစ်ပါကြောင်း၊ ၁၄-၂-၂၀၂၀ ရက်နေ့တွင်စာချုပ်ချုပ်ဆိုပြီး ဖြစ်ပါကြောင်း၊ တင်ဒါပါ Schedule အရ ပစ္စည်းများအားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်တွင် အရောက်ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ သို့သော် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အိန္ဒိယနိုင်ငံတွင် ၂၅-၃-၂၀၂၀ ရက်နေ့မှစ၍ ၁၇-၅-၂၀၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Lockdown ချသည့် အကြောင်း ကြေညာခဲ့သည့်အတွက် ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းခဲ့ရပါကြောင်း၊၎င်းပစ္စည်းများ ထုတ်လုပ်မှု နောက်မကျစေရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အိန္ဒိယသံရုံးမှ သက်ဆိုင်ရာပြည်နယ်အစိုးရထံကို ညှိနှိုင်းစာပေးပို့ခဲ့သည့် အတွက် ၂၀-၄-၂၀၂၀ ရက် နေ့မှစ၍ အဆိုပါစက်ရုံကို ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်းဖြင့် ပြန်လည် လည်ပတ်၍ ဆောင်ရွက် ပေးနေကြောင်း၊ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုထားသည့် သံလက်တန်းနှင့် ဆက်စပ်ပစ္စည်း များ စုစုပေါင်း တန်ချိန် ၂၀,၀၇၇ တန်ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၆,၇၃၇ ရွာအတွက် ဖြစ်ပါကြောင်း၊ Lockdown ကာလ မတိုင်မီက ထုတ်လုပ်ပြီးစီးသည့် ပစ္စည်းအမျိုးအစား အလိုက်ကို ရန်ကုန်သို့ ပေးပို့လျက်ရှိပါကြောင်း၊ ရန်ကုန်ဆိပ်ကမ်းကိုရောက်ရှိသည့် ၂၆-၃-၂၀၂၀ ရက်နေ့တွင် ကွန်တိန်နာ နှစ်လုံးရောက်ပါကြောင်း၊ ၁၀-၄-၂၀၂၀ ရက်နေ့တွင် ကွန်တိန်နာ လေးလုံးရောက်ရှိပါကြောင်း၊ ၁၇-၄-၂၀၂၀ ရက်နေ့တွင် ကွန်တိန်နာ နှစ်လုံး စုစုပေါင်းတန်ချိန် ၂၂၄.၇ တန်ကျော်ရောက်ရှိပြီးဖြစ်ပါကြောင်း၊ မလုံလောက်သေးပါကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်မှုကြောင့် ၂၉-၄-၂၀၂၀ ရက်နေ့တွင် နောက်ထပ် ကွန်တိန်နာ ၁၁ လုံးနှင့် ၅-၅-၂၀၂၀ ရက်နေ့တွင် နောက်ထပ် ကွန်တိန်နာ ၁၃ လုံး သင်္ဘောဖြင့် ပို့ဆောင်နေပြီ ဖြစ်ပါကြောင်း၊ သို့သော် ၎င်းပစ္စည်းများအားလုံး ပြည့်ပြည့်စုံစုံရောက်ရှိရန်အတွက် ၂၀၂၀ ပြည့်နှစ်၏ ဩဂုတ်လဆန်း ပိုင်းမှသာ ရောက်ရှိမည်ဖြစ်ပါကြောင်း၊သို့ပါ၍ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ဖြင့် ဆောင်ရွက်လျက် ရှိသည့် ကျေးရွာများလျှပ်စစ် ဓာတ်အား ရရှိရေးအတွက် သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံစွာ ရောက်ရှိသည့် အချိန်တွင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေထက်ဝင်း(ဆင်ပေါင်ဝဲမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

         ယခုလိုဖြေကြားပေးသည့်အတွက် ဒုတိယဝန်ကြီးကို ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ကတည်းက စခဲ့သည့် ကျေးရွာများဖြစ်သောကြောင့် လေးနှစ်ကျော် ကြာခဲ့ပါကြောင်း၊ ဩဂုတ်လ လဆန်းတွင် ပစ္စည်းများ ရောက်မည်ဟုပြောပါကြောင်း၊ ပြောသည့်အချိန်တွင် မိမိတို့ ၎င်းကျေးရွာများမီးလင်းရန်အတွက် မည်သည့်ကာလတွင် တိတိကျကျ မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်မည်ကို မဲဆန္ဒရှင်ပြည်သူများလည်း သိချင်လိမ့်မည်၊ ထို့ကြောင့်ပထမဆုံး အနေဖြင့် ဆက်စပ်မေးခွန်းအနေဖြင့် မည်သည့်ကာလတွင် မီးလင်းရေး ဆောင်ရွက်ပေး နိုင်မည်ဆိုသည်ကို တိတိကျကျသိလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းတွင် NEP စီမံချက်ဖြင့်ဆောင်ရွက်နေသည်မှာ ၆၆၄ ရွာရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင်ဆိုလျှင် ၅,၀၈၀ ကျော်ဆောင်ရွက်နေခြင်းဖြစ်ပြီး မီးလင်းပြီးကျေးရွာသည် ၁,၈၁၆ ရွာသာရှိပါကြောင်း၊ ၎င်းသည် ၂၀-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည့်စာရင်းအရ သိရပါကြောင်း၊ ထို့ကြောင့် NEP စီမံချက်ဖြင့် ဆောင်ရွက်နေသည့် Phase-1 အဆင့်ကျေးရွာများအားလုံး မီးလင်းရေးသည် အချိန်တိတိကျကျအားဖြင့် မည်သည့်ကာလတွင် အပြီးသတ်မီးလင်းရေး ဆောင်ရွက်ပေး နိုင်မလဲဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

           ကိုယ်စားလှယ်တော်ကြီး၏ဆက်စပ်မေးခွန်းဖြစ်သည့် ရွာများတွင် ၎င်း Steel Parts များ ရောက်လာလျှင် မည်သည့်အချိန်တွင် မီးလင်းမည်ကို ယခုတွင် ဖြေကြား၍ မရကြောင်း ၊ တိတိကျကျ တွက်ချက်ပြီးသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးထံကို ပြန်ကြား ပေးမည်ဖြစ်ပါကြောင်း၊ ထပ်မံ ဒုတိယမေးခွန်းဖြစ်သည့် ၆၆၄ ရွာ ယခုလင်းခဲ့ပြီး ဖြစ်ပါသည်ဆိုသည့် NEP-1 ၏Phase-1တွင် ၅,၀၈၀ ရွာမီးလင်းမည် ဖြစ်ပါကြောင်း၊ ၎င်း ၅၀၈၀ ရွာမီးလင်းရန်ကိစ္စမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြီးအောင် မိမိတို့ ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြီးလျှင် မိမိတို့ Phase-2 ကိုဆက်သွားမည် ဖြစ်ပါကြောင်း၊ တိတိကျကျပြန်လည်၍ ဖြေကြားပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

https://www.pyithuhluttaw.gov.mm/question-4297

27-May-2020