The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၇)

သတင်းစာမှာ ဆားဗစ်ကြိုးတွေကြောင့် ဓာတ်လိုက်မှုအကြောင်း ဖတ်လိုက်ရတော့ မနှစ်က တို့အိမ့်ရှေ့အိမ်က မိန်းမကြီးတစ်ဦး သစ်ကိုင်းကျိုးကျပြီး ဆားဗစ်ကြိုးလျော့ကျနေတာကို သွားကိုင်မိလို့ ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်ပြန်မြင်လာမိတယ်……နှစ်ပေါင်းကြာမြင့်စွာ သုံးစွဲခဲ့တဲ့ကြိုး ဆိုတော့ ပေါက်ပြဲနေတာကနေ ဓာတ်လိုက်မှုဖြစ်တာ ….. လူတိုင်း လျှပ်စစ်အန္တရာယ်ဖြစ်စေတဲ့ အချက် တွေကိုသိရှိပြီး လိုက်နာဆောင်ရွက်ဖို့လိုကြောင်း မိတ်ဆွေတစ်ဦး ပြောကြားလာပါသည်…..

ဆားဗစ်ကြိုးတွေကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်တွေ တစ်နှစ်ကို အရေအတွက် ဘယ်လောက်ရှိသလဲ….?

ဆားဗစ်ကြိုးပြတ်ကျမှု၊ ဆားဗစ်ကြိုးများ ပေါက်ပြဲနေရာကတစ်ဆင့် ဓာတ်လိုက်မှုဖြစ်စဉ်များ အနေနဲ့ ၂၀၁၂ခုနှစ်မှာ ဖြစ်စဉ် ၁၇ခု ဖြစ်ပြီး ၁၅ယောက် သေဆုံးခဲ့တယ်….၂၀၁၃ခုနှစ်မှာတော့ ဖြစ်စဉ် ၁၆ခု ဖြစ်ခဲ့ပြီး ၁၇ယောက် သေဆုံးခဲ့တယ်…..၂၀၁၄ခုနှစ် အောက်တိုဘာလကုန်အထိ ဖြစ်စဉ် ၃၅ခု ဖြစ်ပြီး ၃၅ယောက် သေဆုံးမှုဖြစ်ခဲ့တယ်….

          တစ်နှစ်ထက် တစ်နှစ်ပိုများလာတယ်နော်…..ဒါတွေကို ဘယ်လိုလျော့နည်းအောင် ဆောင်ရွက် နေပါသလဲ…..?       

                    လျှပ်စစ်ဝန်ထမ်းများအနေနဲ့ ရပ်ကွက်အလိုက် ဆားဗစ်ကြိုး နိမ့်နေတာတွေကို ထောက်တိုင်တွေနဲ့ မြှင့်တင်ပေးတယ်…..ဟောင်းနွမ်းပေါက်ပြဲပြီး အန္တရာယ်ဖြစ်နိုင်တဲ့ ဆားဗစ်ကြိုးတွေ ကို အိမ်ရှင်တွေကိုရှင်းလင်းပြောကြားပြီး လဲလှယ်စေခြင်းများ ဆောင်ရွက်လျက်ရှိတယ်…..တစ်ချို့ အိမ်ရှင်တွေကလဲ "သုံးလို့ရနေသေးတာဘဲ ….မလဲနိုင်သေးဘူး" ဆိုတာကို တွေ့နေရတယ်….. သူတို့ကို တော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ အကူအညီတောင်းပြီးတော့ လျှပ်စစ်အန္တရာယ်ရှိနိုင်၍ မီးခဏ ဖြတ်ထားရပါလိမ့်မယ်လို့ အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ရပါတယ်…..

          ငါတို့လို သာမန်မီးသုံးစွဲသူတွေအတွက် အိမ်မှာ တပ်ဆင်ရမဲ့ ဆားဗစ်ကြိုးအရွယ်အစားကို ရွေးချယ်ရာမှာ ငွေကြေးကုန်ကျမှု သက်သာတာကိုဘဲ အဓိကထား ရွေးချယ်နေကြတယ်….. အိမ်သုံးစွဲ ဝန်အားနဲ့ကိုက်ညီတဲ့ ဆားဗစ်ကြိုးရွေးချယ်မှုကို လွယ်ကူစွာ သိနိုင်ပါသလား…..?

                    တစ်အိမ်လုံးသုံးတဲ့ ဆားဗစ်ဝါယာကြိုး ရွေးချယ်မှုသာမက မီးဖိုချောင်အတွက် မီးကြိုး၊ ရေခဲသေတ္တာမီးကြိုး၊ လေအေးပေးစက်မီးကြိုး၊ အလင်းရောင်သုံးမီးကြိုး၊ ရေတင်မော်တာ စတဲ့ လျှပ်စစ် ပစ္စည်းများသုံးတဲ့ ဝါယာကြိုးများကိုလည်း သူတို့သုံးတဲ့ဝန်အား (လျှပ်စီး အမ်ပီယာ)နဲ့ ကိုက်ညီတဲ့ အရွယ်အစားကို သုံးစွဲဖို့ လိုအပ်ပါတယ်…..သုံးစွဲဝန်အား(လျှပ်စီး အမ်ပီယာ)အလိုက် ဝါယာကြိုး (ကြေးကြိုး) ရွေးချယ်နိုင်မှုဇယားကို ကြည့်ခြင်းအားဖြင့် အလွယ်တကူသိနိုင်ပါတယ်…..

ဝါယာကြိုးရွေးတာကတော့ ဟုတ်ပါပြီ….လျှပ်စစ်ပစ္စည်းတွေရဲ့ ဝန်အား(လျှပ်စီး အမ်ပီယာ) ကို ဘယ်လိုတွက်ချက် သိရှိနိုင်မလဲ…..?

                    လျှပ်စစ်ပစ္စည်းအများစုမှာ သုံးစွဲရမယ့် ဗို့အား၊လျှပ်စီး အမ်ပီယာ၊ လှိုင်းနှုန်းစတဲ့ အချက်အလက်တွေကို ကိုယ်ထည်တွေမှာ ကပ်ထားပါတယ်…တစ်အိမ်လုံးသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးရဲ့ဝန်အား(လျှပ်စီးအမ်ပီယာ)တွေပေါင်းလိုက်ရင် ဆားဗစ်ကြိုး အရွယ်အစားကို သိနိုင်ပြီပေါ့… လျှပ်စစ်ပစ္စည်းများ အများဆုံးသုံးစွဲတဲ့ဝန်အား (လျှပ်စီးအမ်ပီယာ)သည် ၃၀အမ်ပီယာဖြစ်ပါက ဇယားပါ ဆားဗစ်ကြိုးအရွယ်အစား 7/.044 (လက်မစနစ်)/10 ဆိုဒ်(မီလီမီတာစနစ်)ကို သုံးရမှာ ဖြစ်ပါတယ်…. အချို့အဆောက်အဦးတွေမှာ ငွေကြေးသက်သာလိုမှုနဲ့ ဝန်အားနဲ့ ညီမျှတဲ့ ကြိုးကိုမသုံးပဲ လျှော့သုံးမှု တွေကြောင့် ဝါယာကြိုးများ လောင်ကျွမ်းခြင်း၊ ဝါယာရှော့ခ်ဖြစ်ခြင်း၊ အိမ်သုံးမီတာ လောင်ကျွမ်းခြင်း များဖြစ်ပေါ်ပါတယ်…ဝယ်သုံးတဲ့ ဝါယာကြိုးကလည်း ကြေးကြိုးစစ်ဘို့ လိုအပ်တယ် …အခြားသတ္တု ရောထားတဲ့ ကြိုးတွေဆိုရင် စျေးသက်သာတယ်…..

                    ဒါဆိုဆောက်ပြီးသား အိမ်တွေ၊ တိုက်ခန်းတွေမှာ ဘယ်ကြိုး အရွယ်အစားတွေ သုံးထား သလဲ ဆိုတာ သိဘို့ ခက်တာပေါ့…..အဆောက်အဦ တည်ဆောက်နေဆဲ ကာလအတွင်း လျှပ်စစ်ဝါယာ ကြိုးများစံချိန်စံညွှန်းအညီ သုံးစွဲဖို့ကို အဓိကလိုအပ်ချက်အနေနဲ့ အလေးထား ဆောင်ရွက်ဖို့ လိုအပ် တာပေါ့….

မီတာဆိုလို့ တစ်ချို့အိမ်တွေမှာ မီတာတွေ လောင်ကျွမ်းလို့ အသစ်တပ်ဆင်မှုအတွက် အစားထိုး တပ်ဆင်ခတွေ ပေးရတယ်….ပါဝါမီတာကိုလည်း ထပ်မံတပ်ခိုင်းတယ်လို့ သိရတယ်…..အိမ်တစ်အိမ်မှာ လျှပ်စစ်သုံးစွဲမှုနှင့် မီတာတပ်ဆင်မှု ဘယ်လို ရွေးချယ်ရပါသလဲ…..?

လက်ရှိအနေအထားအရ ဒို့နိုင်ငံမှာ မီးသုံးစွဲသူအများစုက ရိုးရိုးအိမ်သုံးမီတာကိုပဲ အသုံးပြု ကြတယ်….ရိုးရိုးအိမ်သုံးမီတာ(Single Phase Meter)ဟာ ၃၀ အမ်ပီယာပဲ အများဆုံး အသုံးပြု နိုင်တယ်…..အဲဒီမီတာနဲ့အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အသုံးများရင်တော့ လျှပ်စီးအမ်ပီယာများပြားခြင်း ကြောင့် ဗို့အားကျဆင်းမယ်…..လေအေးပေးစက်၊ ရေခဲသေတ္တာတွေမှာ သုံးတဲ့အလိုအလျောက် ဓာတ်အားဖြတ်စက် (Safeguard)တွေ အလုပ်မလုပ်တော့ဘူး…..နောက်ဆုံး မီတာလဲလောင်၊ ဝါယာကြိုးတွေ၊ မီးပလပ်ပေါက်တွေ လောင်ကျွမ်းမှုတွေဖြစ်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်လာတော့ တာပဲ…..ဒါကြောင့် ၃၀အမ်ပီယာ ထက်ကျော်အောင် သုံးစွဲလာရင် ဝန်အားများသော လျှပ်စစ်ပစ္စည်းများ အတွက် ပါဝါမီတာ(Three Phase Meter)ထပ်မံ တပ်ဆင်ရမှာ ဖြစ်တယ်…..

ပါဝါမီတာကရော ဝန်အား(လျှပ်စီးအမ်ပီယာ) ဘယ်လောက်သုံးနိုင်မှာလဲ…..ဘာတွေပိုကောင်း လာနိုင်လဲ…..?

ပါဝါမီတာမှာလဲ သုံးစွဲမဲ့ ဝန်အားအလိုက် ရွေးချယ်တပ်ဆင်နိုင်ပါတယ်…..လက်ရှိတပ်ဆင်ပေး နေတာ  ၃၀အမ်ပီယာ၊ ၆၀အမ်ပီယာ နှင့် ၈၀ အမ်ပီယာ ဆိုပြီး ၃ မျိုးရှိတယ်…..ပါဝါမီတာဟာ ဓာတ်တိုင် ကနေအိမ်မှာ တပ်ထားတဲ့မီတာအကြား အပူကြိုး(Phase) ၃ ချောင်းနဲ့ အအေးကြိုး(Neutral) ပါရှိတယ်….အိမ်တွင်း လျှပ်စစ်ပစ္စည်းတွေကို လိုင်း ၃လိုင်းကနေ ခွဲခြားသုံးစွဲနိုင်ခြင်းကြောင့် ဗို့အား ကောင်းမွန်စွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်…..ဒါ့အပြင် ကြိုးများ လောင်ကျွမ်းမှုနှင့် မီတာလောင်ကျွမ်းမှုများ လျော့နည်းသွားပြီး လျှပ်စစ်အန္တရာယ်များ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်…..

  1. လျှပ်စစ်ပစ္စည်းများ၏ ဝန်အားနှင့်ညီမျှသော ဝါယာကြိုးကို သုံးစွဲပါ။

  2. သုံးစွဲဝန်အား ၃၀ အမ်ပီယာထက် ကျော်လွန်ပါက ပါဝါမီတာ ထပ်မံတပ်ဆင်ပါ။

  3. အိမ်တွင်းဝါယာကြိုးများ ဟောင်းနွမ်း၊ ပေါက်ပြဲမှုများ ရှိပါက အမြန်ဆုံး လဲလှယ်ပါ။

  4. အဆောက်အဦများ တည်ဆောက်ရာတွင် စံချိန်စံညွှန်းမီ ဝါယာကြိုးများနှင့် မီးပလပ်၊ မီးခလုတ်များကို အသုံးပြုပါ။

ဝေယံ

03-Jan-2018