The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊  ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (    )ရက်

        ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၄)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

        အဆိုပါ ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

        ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကားပြောကြားရာတွင် ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးရေးနှင့် အခြားအရေးကြီးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများ ပေးအပ်လှူဒါန်းပွဲနှင့် ကျေးဇူးတင်မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူအများ လျှပ်စစ်ဓာတ်အားကို အရည်အသွေး ပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပြည်သူများအတွက် ၃၉ % ဓာတ်အားရရှိရေးဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် ဓာတ်အားရရှိနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးများပါ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် JV, MOU, MOA များ လက်မှတ်ရေးထိုး ပြီး ပြည်သူအများကို ထိခိုက်မှုအနည်းဆုံးနှင့် အကျိုးဖြစ်ထွန်းမှုအများဆုံး ရရှိနိုင်သည့် စီမံကိန်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားပို့လွှတ်ရေးအပိုင်းတွင် မိတ္ထီလာ-တောင်ငူ ၅၀၀ ကေဗွီ မဟာဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ၂၃၀ ကေဗွီ ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်နိုင်ရန် နှစ်စဉ်နိုင်ငံတော်ဘတ်ဂျက်နှင့် ချေးငွေများရရှိရေး ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် နိုင်ငံတော်မှ နေ့စဉ်ကျပ်ငွေ ၁.၂ ဘီလီယံခန့် အရှုံးခံ စိုက်ထုတ် ပေးလျက်ရှိကြောင်း၊ ဓာတ်အားဖြန့်ဖြူးမှုအပိုင်းတွင်လည်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကော်ပိုရေးရှင်းများ ဖွဲ့စည်းလျက် နိုင်ငံတော်၏ အထောက်အပံ့ကင်းစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်မှ လျှပ်စစ်ကဏ္ဍတွင် စိုက်ထုတ်ဆောင်ရွက်ရမှုမရှိစေရန်နှင့် ဓာတ်အားသုံးစွဲသူ ပြည်သူ များမှ အရည်အသွေးပြည့်ဝသော လျှပ်စစ်ကို စဉ်ဆက်မပြတ် အန္တရာယ်ကင်းစွာဖြင့် သုံးစွဲနိုင်ရေး နည်းလမ်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားဖြန့်ဖြူးမှု ကိစ္စရပ်များကို  ဆောင်ရွက်လျက် ရှိရာ ဓာတ်အားစနစ်ကျယ်ပြန့်စွာ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့လက်ခံရရှိသော ထရန်စဖော်မာများအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် မဆောင်ရွက်နိုင်သော ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုလို ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးနိုင်ရေးအတွက် Asia General Electric Co.,Ltd နှင့် Hitachi Soe Electric Co.,Ltd တို့မှ ထုတ်လုပ်သော ထရန်စဖော်မာများအား သဒ္ဒါစိတ်အား ထက်သန်စွာ  ပေးအပ်လှူဒါန်းခြင်း ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့်အေးချမ်းတည်ငြိမ်ရေးကို အထောက် အကူ ဖြစ်စေသည့်အပြင် လူမှုဘဝတိုးတက်မြင့်မားရေးအတွက်လည်း တစ်တပ်တစ်အား အကူအညီ ဖြစ်စေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
03-Jan-2018