The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါတွင် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (  ၂၄  ) ရက်

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါတွင် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေး အတွက် ဆက်စပ်ဆောင်ရွက်ရမည့် ပဏာမ အကြိုလုပ်ငန်းစဉ်များဖြစ်သည့် လုပ်ငန်း စီမံချက်များ ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီအသီးသီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံအစိုးရ၏ အားပေးကူညီထောက်ပံ့မှုများနှင့် ဂျပန်နိုင်ငံကုမ္ပဏီများမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါဒေသတွင် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်မည့် Integrated LNG to Power စီမံကိန်းအတွက် Notice to Proceed ပေးအပ်သည့် အခမ်းအနားဖြစ်သကဲ့သို့ မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရအကြား မိတ်ဆွေကောင်း ရင်းနှီးဆက်ဆံမှုများ ဆပွားတိုးတက်စေမည့် မှတ်ကျောက်တစ်ခု ဖြစ်လာမည့် စီမံကိန်းကြီးတစ်ခုဖြစ်မည်ဟု ယုံကြည်မိပါကြောင်း၊ ဂျပန်နိုင်ငံမှ ဦးဆောင်ရင်းနှီးမြှုပ်နှံလျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန် (SEZ) အတွက်လည်း အရေးပါသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကိုယုံကြည်ပြီး ရင်းနှီးမြှုပ်နှံရန် အဆိုပြုလာသည့် ဂျပန်ကုမ္ပဏီများနှင့် လိုအပ်သောဘဏ္ဍာငွေကြေးများကို ကူညီပံ့ပိုး ပေးမည့် ဂျပန်နိုင်ငံအစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် စီမံကိန်း အပေါ်တွင်လည်း သက်ဆိုင်သူများအားလုံး စိတ်အားထက်သန်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့တွင် များစွာတာဝန်ရှိသဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ (၅၀%) အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယင်းအောင်မြင်မှုအတွက် များစွာဂုဏ်ယူလျက်ရှိပြီး၊ ဆက်လက်ကြိုးစားအားထုတ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ စတင်တာဝန်ယူစဉ်ကတည်းက မြန်မာနိုင်ငံ၏ အလျင်အမြန် တိုးတက်နေသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖြစ်နိုင်သမျှသော နည်းလမ်းပေါင်းစုံထဲမှ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိပြီး၊ နည်းပညာအားဖြင့် လက်လှမ်းမီ ရင်းနှီးကျွမ်းဝင်မှုရှိသည့် Liquified Natural Gas (LNG) ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရသည့် LNG to Power စီမံကိန်းများကိုဆောင်ရွက်ရန်စီမံခဲ့ပါကြောင်း၊ ယခုလိုစီမံရာတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများအဖြစ် Generation Mix တွင် ထည့်သွင်းစဉ်းစားပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၌  မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG to Power စီမံကိန်း (၃)ခုကို Notice to Proceed ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း မဂ္ဂါဝပ် (၉၀၀) ခန့်ထွက်ရှိမည့် LNG to Power စီမံကိန်း (၃) ခုအပါအဝင် အပူစွမ်းအင် စီမံကိန်း (၅) ခုကို ကာလတိုစီမံကိန်းများအဖြစ်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ ယခုဆိုလျှင် LNG to Power စီမံကိန်း (၂) ခုမှ ဓာတ်အားစတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည်လည်း Notice to proceed ထုတ်ပေးပြီး (၇၂)လ အတွင်း ဓာတ်အားစတင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ကာလတို စီမံကိန်းများနှင့် ချိန်ညှိဆောင်ရွက်ထားသဖြင့် နောင်ဓာတ်အားလိုအပ်ချက် မြင့်တက်လာချိန် တွင် အချိန်ကိုက်ဝင်ရောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့တင်ပြပြီး ခွင့်ပြုချက်ရယူခဲ့ပါကြောင်း၊ အချိန်ကိုက် ဝင်ရောက် နိုင်ရန်အတွက်လည်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်အစိုးရနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေအား လျှပ်စစ်စီမံကိန်းများ၏ သဘောသဘာဝသည် တည်ဆောက်ပြီးစီးရန် အချိန်များစွာလိုအပ်ခြင်း၊ လက်ရှိထုတ်လုပ်နေသောလုပ်ကွက်များမှ Gas ထုတ်လုပ်နိုင်မှုပမာဏ ကျဆင်းလာခြင်း၊ လုပ်ကွက်အသစ်များမှလည်း စီးပွားဖြစ် Gas ထုတ်လုပ်နိုင်မှု မရှိသေးခြင်းနှင့် လက်ရှိ LNG ဈေးနှုန်းသည်လည်းကျဆင်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်တော်ကောင်းမွန် သည့်အချိန်ဖြစ်ခြင်းတို့ကြောင့် LNG တင်သွင်း၍ ဓာတ်အားထုတ်လုပ်ခြင်းသည်သာလျှင် သင့်လျော်သည့်နည်းလမ်းဖြစ်သဖြင့် LNG တင်သွင်း၍ ဓာတ်အားထုတ်လုပ်ခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် လက်ရှိ Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် ဓာတ်အားပေးစက်ရုံများ၏ နေ့စဉ် Gas လိုအပ်ချက်ပမာဏ ကိုလည်း LNG ဖြင့် ဖြည့်ဆည်းပေးနိုင်မှုတို့ကိုရည်ရွယ်၍ LNG to Power စီမံကိန်း များနှင့် LNG Terminal များကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ LNG Gas ကို မြန်မာနိုင်ငံဒေသအဝှမ်း ဖြန့်ဖြူးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ဖြန့်ကျက်သွယ်တန်း တည်ဆောက်သွားမည့် Gas Pipeline Master Plan တစ်ခုကိုရေးဆွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းအတွက် ဆက်စပ်ဆောင်ရွက်ရမည့် ပဏာမအကြို လုပ်ငန်းစဉ်များဖြစ်သည့် လုပ်ငန်းစီမံချက် များရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Notice to Proceed ထုတ်ပေးရခြင်းဖြစ်ပြီး၊ ယင်းလုပ်ငန်းများကို ချောချောမွေ့မွေ့နှင့် လျင်မြန်စွာပြီးစီး နိုင်ရေးအတွက်လည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဓာတ်အားရောင်းဝယ်ရေးသဘောတူစာချုပ်(PPA) ညှိနှိုင်းခြင်းနှင့် ဓာတ်အားခဈေးနှုန်း (Tariff) တွက်ချက်ခြင်းများတွင်လည်း ထဲထဲဝင်ဝင် ညိှနှိုင်း ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်မည့် Win-Win Situation များဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် Integrated LNG to Power စီမံကိန်းဖြစ်သည့်အတွက် ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် Gas ပိုက်လိုင်း တည်ဆောက်ခြင်းအပိုင်းတွင် ကြုံတွေ့လာနိုင်သည့် Right of Way အတွက် Land Acquisition နှင့် Compensation ကိစ္စရပ်များကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကလည်း ကုမ္ပဏီများနှင့်အတူ လက်တွဲဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း စက်စွမ်းအင်အရည်အသွေးပြည့်ဝပြီး ယုံကြည် စိတ်ချရမှုကောင်းအောင်၊  ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်စေလိုပါကြောင်း၊ National Grid System သို့ အချိန်မီချိတ်ဆက်နိုင်ရန်အတွက် စီမံကိန်းအကောင် အထည်ဖော်ရာတွင် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ပြီး ကိစ္စအားလုံးအပေါ် အသေးစိတ်ကအစ အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ထိန်းသိမ်းမောင်းနှင်မှုကဏ္ဍနှင့် ဝန်အားစီးဆင်းမှုကဏ္ဍ အတွက် မဟာဗျူဟာကျသော ရန်ကုန်ဒေသတွင် တည်ရှိနေပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဓာတ်အားကွန်ရက်စနစ် တောင့်တင်းခိုင်မာမှုရှိစေရန်နှင့် ဓာတ်အား ပို့လွှတ်ရေးအပိုင်းတွင် မြန်မာနိုင်ငံအတွင်း အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက်ဖက်တို့တွင် ၅၀၀ ကေဗွီ ဓာတ်အားစနစ် (Union  Grid) များကို တည်ထောင် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၃၀ ကေဗွီဓာတ်အားစနစ်များကိုလည်း အဆင့်မြှင့်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို  အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းကြီးများနှင့် ဓာတ်အားလိုင်းစီမံကိန်းကြီးများပြီးစီးပါက မီးသုံးစွဲသူ ပြည်သူများနှင့် စက်မှုလုပ်ငန်းများကို တည်ငြိမ်ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသည့် လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင် မည်ဖြစ်ပါ​ကြောင်း၊ စီမံကိန်းဆောင်ရွက်သူများအနေဖြင့်လည်း ဒေသခံပြည်သူများ၏ ဓလေ့ထုံးတမ်းကို လေးစားလိုက်နာပြီး လူမှုပတ်ဝန်းကျင် ထိခိုက်သက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများ ကိုလည်း လိုက်နာရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် နည်းပညာပိုင်းဖလှယ် နိုင်ရန်နှင့် ပြည်တွင်းမှလုပ်သားများကို အလုပ်အကိုင် ပိုမိုဖန်တီးပေးရန်လိုအပ်ပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆုတောင်းဆန္ဒပြုပါကြောင်းတို့အား ပြောကြားခဲ့ပါသည်။

              ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro Maruyama က ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါတွင် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
              ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများ၏ ရှေ့မှောက်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama တို့က စီမံကိန်းအတွက် ထုတ်ပေးသည့် Notice to Proceed အား အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
24-Jul-2020