နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၃၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှုအစီအစဉ်မှ အခြေခံပညာအထက်တန်းကျောင်းများတွင် အသုံးပြုရန်အတွက် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Economic & Commercial Counsellor Mr. Tan Shufu ၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဥက္ကဋ္ဌ Mr. Li Zilin ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေး တာဝန်သိမှု Corporate Social Responsibility (CSR) အစီအစဉ်မှ ပိုက်လိုင်း ဖြတ်သန်းသွားသည့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့ရှိ အခြေခံပညာအထက်တန်းကျောင်း ၂၀ ကျောင်းတို့သို့ အားကစားပစ္စည်းများ၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း တည်ဆောက်မည့်သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ ပိုက်လိုင်းဖြတ်သန်းသွားသော ဒေသများတစ်လျှောက်မြို့နယ်၊ ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်များကို ၂၀၁၂ ခုနှစ်မှစပြီး နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေး တာဝန်သိမှု CSR အစီအစဉ်အရ ထောက်ပံ့ပေးမှု အပိုင်းတွင် အရေအတွက် (၁၉)မျိုးပါ အားကစားပစ္စည်း(၁၃)စုံ၊ အရေအတွက်(၁၇၂) မျိုးပါ သိပ္ပံလက်တွေ့ခန်း သုံးပစ္စည်း(၁၁)စုံနှင့် သုံးထပ်ကျောင်းဆောင်သစ်တစ်ဆောင် ပါဝင်မည်ဖြစ်ပါကြောင်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၆၂၉ သိန်း ကူညီထောက်ပံ့ ပေးခဲ့ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်း တွင် သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းခြင်းအတွက် ကျပ်သိန်း ၄၈၇၀ သိန်း ကုန်ကျမည်ဖြစ်သဖြင့် အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများ နှင့် သုံးထပ်ကျောင်းဆောင်သစ်တစ်ဆောင် အတွက် စုစုပေါင်း ငွေကျပ်သိန်း ပေါင်း ၅၄၉၉ သိန်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ပိုက်လိုင်းဖြတ်သန်းသွားသည့် ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (၄)ကျောင်းအတွက် အားကစား ပစ္စည်း(၂)စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်း(၂)စုံတို့ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက်၊ ငဖဲ၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူးမြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း (၅)ကျောင်း အတွက် အားကစားပစ္စည်း (၄)စုံနှင့် သိပ္ပံလက်တွေ့ ခန်းသုံးပစ္စည်း(၂)စုံ တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်၊ ပုသိမ်ကြီး၊ ကျောက်ပန်းတောင်း၊ အမရပူရ၊ စဉ့်ကိုင်မြို့နယ်များရှိ အခြေခံပညာအထက်တန်း ကျောင်း (၅)ကျောင်း အတွက် အားကစားပစ္စည်း (၃) စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်း (၃) စုံတို့ကို လည်းကောင်း၊ ရှမ်းပြည်နယ် နောင်ချို၊ နမ့်ခမ်း၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်းအတွက် အားကစား ပစ္စည်း (၄)စုံနှင့် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်း (၄)စုံတို့ကိုလည်းကောင်း၊ စုစုပေါင်း အခြေခံပညာ အထက်တန်းကျောင်း (၂၀)ကျောင်းတို့တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ၂၀ ကျောင်းတို့သို့ အားကစား ပစ္စည်းများ နှင့် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခြင်းဖြင့် ပညာသင်ကြား နေကြသော ကျောင်းသား/သူများအတွက် သင်ထောက်ကူပစ္စည်းများ အဖြစ်လည်းကောင်း၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုများအတွက် များစွာအထောက်အကူဖြစ်စေပြီး ပညာ သင်ကြားမှုတွင်လည်း အထောက်အကူများ ပိုမိုပြည့်စုံစွာဖြင့် ပညာသင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၅)အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောက်လုပ်လှူဒါန်းထားသော သုံးထပ်ကျောင်းဆောင် သည် အလျား ၂၁၀’ x အနံ ၃၀’ x အမြင့် ၃၆’ သုံးထပ် ကျောင်းဆောင်ဖြစ်ပြီး ၃၀’ x ၂၄’ x ၁၂’ ကျယ်ဝန်းသော စာသင်ခန်း ၁၈ ခန်း ပါဝင်ပါကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၅၀ ဦးဖြင့် သက်တောင့်သက်သာစာသင်နိုင်ပြီး၊ ပရိဘောဂများအနေဖြင့် ကျောင်းသား/သူများအတွက် စားပွဲနှင့် ထိုင်ခုံ ၂၇၀ စုံ၊ ဆရာ/ဆရာမများအတွက် စားပွဲနှင့်ကုလားထိုင် ၁၈ စုံ၊ Blackboard ၁၈ စုံပါဝင်ပါကြောင်း၊ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၂၅)အခြေခံပညာအလယ်တန်း ကျောင်းသည် ယခင်ကျောင်းဆောင်သစ် မရရှိခင်က ကျောင်းသားနှင့် ကျောင်းဆောင် မလောက်ငှမှုကြောင့် ကျောင်းခန်း တစ်ခန်းတွင် ကျောင်းသား ၇၅ ဦးခန့် ပညာသင်ကြားနေခဲ့ရာမှ ယခုကဲ့သို့ သုံးထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းပေးလိုက်သဖြင့် ကျောင်းသား/သူများ သက်တောင့်သက်သာဖြင့် ပညာသင်ကြား နိုင်မည့်အပြင် သိပ္ပံလက်တွေ့ခန်းများ၊ ရသခန်းများ၊ ဟောပြောခန်းမများ စသည်ဖြင့် ပညာသင်ကြားမှုတွင် အထောက်အကူ များ ပိုမိုပြည့်စုံစွာဖြင့် ပညာသင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတစ်လျှောက်ရှိဒေသ များတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ပညာရေးကဏ္ဍတွင် လုပ်ငန်း (၁၂၈)ခု၊ ကျန်းမာရေး ကဏ္ဍတွင် လုပ်ငန်း (၄၀)ခု၊ လူမှုရေးကဏ္ဍ တွင် လုပ်ငန်း (၁၁၇)ခု၊ စုစုပေါင်း လုပ်ငန်း (၂၈၅)ခု အတွက် အမေရိကန်ဒေါ်လာ (၂၇.၇၄) သန်းခန့်ကို လှူဒါန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်း များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ လူထု အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်ပေးနေခြင်းသည် ခေတ်မီဖွံ့ဖြိုးသော စီးပွားရေး ကို ဖြစ်ထွန်းနိုင်စေမည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်ဆိုသည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်ပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ အလားတူ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရည်မှန်းချက်ဖြစ်သည့် ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေး အထောက်အကူပြုစေရန် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတလျှောက် ဆောင်ရွက်ခဲ့သော လူမှုရေးတာဝန်သိမှုအစီအစဉ်များအား Video Clip ဖြင့် ပြသခဲ့ ပါသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ သုံးထပ်ကျောင်းဆောင်သစ် တည်ဆောက် လှူဒါန်းခြင်းအမှတ်တရ ဂုဏ်ပြုပန်းချီကားကိုလည်းကောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Economic & Commercial Counsellor Mr. Tan Shufu မှ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်ထံသို့ သိပံ္ပလက်တွေ့ခန်းသုံး ပစ္စည်းများကိုလည်းကောင်း၊ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဥက္ကဋ္ဌ Mr. Li Zilin မှ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်ထံသို့ အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အားကစားပစ္စည်း၊ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများနှင့် သုံးထပ်ကျောင်းဆောင်သစ် လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး လှူဒါန်းထား သော အားကစားပစ္စည်းများနှင့် သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။