၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းအပ်နှံရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်း စနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဉီးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များနှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ဒုတိယအဆင့်ကျေးရွာ(၄၇၀၀)အတွက် ကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေး လုပ်ငန်းတို့အတွက် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လဲလှယ်ခြင်း အခမ်းအနား ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် “၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာ ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project) ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၃၁၀ ရယူ၍ ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ပဲခူး (အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာတို့အား NEP-I စီမံကိန်းအဖြစ်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ပဲခူး(အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဓာတ်အားစနစ်မှ ၃ မိုင်အတွင်း ကျေးရွာ ၄၇၀၀ ရွာကို လျှပ်စစ်ဓာတ်အားရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ NEP-II စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ချေးငွေရယူနိုင်ရေးကိစ္စရပ်များကိုလည်း ကမ္ဘာ့ဘဏ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု အဆင့် မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ၁၇၁.၂၇ သန်း ချေးယူရေးနှင့်စပ်လျဉ်း၍ (၂၇.၇.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေးမှ အတည်ပြုပေးခဲ့ပြီးဖြစ်၍ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၃၃ ကေဗွီ ဓာတ်အားလိုင်း (၆၀.၅)မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၅၆၄.၅)မိုင်၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ (၈)ရုံ၊ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ(၃၆)ရုံတို့တွင် စုစုပေါင်း(၃၈၅)အမ်ဗွီအေ တည်ဆောက်သွားမည်ဖြစ်ရာ ၎င်းစီမံကိန်းကြောင့် ကျေးရွာ (၂၈၁၅) ရွာနှင့် အိမ်ထောင်စု (၄၀၀,၃၀၀)စုတို့တွင် အကျိုးခံစားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက် လျက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းနှင့် ကျေးလက်ဒေသလျှပ်စစ်ဓာတ်အား ရရှိမှု အဆင့်မြှင့်တင်ရေးစီမံကိန်းတို့ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ % ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ % နှင့် ၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး ၁၀၀ % ပြည့် မီးလင်းရေး ရည်မှန်းချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ NEP-I ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၃၀.၇.၂၀၂၀) နေ့အထိ စုစုပေါင်း ၃၀၃၉ ရွာတွင် တည်ဆောက်ရေး လုပ်ငန်း များပြီးစီး၍ ကျေးရွာ ၂၅၈၃ တွင် မီးလင်းပြီးဖြစ်ပါကြောင်း၊ NEP-I ဒုတိယအဆင့် ပစ္စည်း ဝယ်ယူရေးတင်ဒါများအားလုံး တင်ဒါခေါ်ဆိုပြီးဖြစ်ပြီး ယနေ့ စာချုပ်လဲလှယ်သည့် ကွန်ကရစ်တိုင် ဝယ်ယူရေးတင်ဒါသည် NEP-I ဒုတိယအဆင့်အတွက် ပစ္စည်းဝယ်ယူရေး တင်ဒါများအနက် သတ္တမ အကြိမ်မြောက်ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိ နိုင်ရေးအတွက် ဝယ်ယူမည့်စာချုပ်ဖြစ်ပါကြောင်း၊ NEP-I ဒုတိယအဆင့်အတွက် ဝယ်ယူထားသော ပစ္စည်းများအနက် ထရန်စဖော်မာ (၁၈)ရာခိုင်နှုန်းနှင့် ကွန်ကရစ်တိုင်(၆၂)ရာခိုင်နှုန်း ရောက်ရှိပြီး ဖြစ်ပါကြောင်း၊ NEP-I ဒုတိယအဆင့် တည်ဆောက်ရေးတင်ဒါများအားလုံးသည်လည်း တင်ဒါ ခေါ်ဆိုပြီးဖြစ်ပြီး ယနေ့စာချုပ်လဲလှယ်သည့် တည်ဆောက်ရေးတင်ဒါသည် NEP-I ဒုတိယအဆင့် အတွက် တည်ဆောက်ရေးတင်ဒါတွင် ပထမဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်းရှိ ကျေးရွာများဓာတ်အားရရှိရေးအတွက် လုပ်ငန်းအပ်နှံမည့် စာချုပ်များဖြစ်ပါကြောင်း၊ NEP-I ဒုတိယအဆင့်အတွက် လိုအပ်သော ထရန် စဖော်မာ၊ ကွန်ကရစ်တိုင်၊ ကြွေသီး၊ ကြိုး၊ သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်းကို (International Competitive Bidding – ICB) ဖြင့်လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်း တင်ဒါကို (National Competitive Bidding – NCB) ဖြင့်လည်းကောင်း ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများအတိုင်းတင်ဒါခေါ်ဆိုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ကွန်ကရစ်တိုင်ဝယ်ယူရေး တင်ဒါ နှင့် တည်ဆောက်ရေးလုပ်ငန်းတင်ဒါတို့ကို နိုင်ငံတကာ အကြံပေးပုဂ္ဂိုလ်များ အပါအဝင် တင်ဒါ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ကမ္ဘာ့ဘဏ်၏ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး ကမ္ဘာ့ဘဏ် မှလည်း အသေးစိတ် စိစစ်အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ NEP-I ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၃ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉,၇၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁,၁၆၆,၄၃၁ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည်ဖြစ်ပြီး အဆိုပါ ချေးငွေကြောင့် စုစုပေါင်း Electrification Rate ၁၀.၇၂% ခန့် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုကွန်ကရစ်တိုင်ဝယ်ယူရေးနှင့် တည်ဆောက်ရေးတင်ဒါကို ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းစည်းကမ်း များနှင့် တင်ဒါပါလိုအပ်ချက်များအတိုင်း ပြည်တွင်း/ပြည်ပကုမ္ပဏီများက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကွန်ကရစ်တိုင်ဝယ်ယူရေးအတွက် ပြည်တွင်းကုမ္ပဏီ(၂)ခုနှင့် တည်ဆောက်ရေးတင်ဒါအတွက် ပြည်တွင်း ကုမ္ပဏီ(၃)ခုတို့က တင်ဒါအောင်မြင်ခဲ့သည့်အတွက် ကုမ္ပဏီများကိုယ်စား ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ တင်ဒါလုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များကို တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် အတွေ့အကြုံများရရှိလာပြီး မိမိတို့၏ ထုတ်ကုန်များနှင့် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးများ တိုးတက်စေရေး ကုန်ကျစရိတ် လျှော့ချရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်စေလိုကြောင်း၊ ယခု ကွန်ကရစ်တိုင်ဝယ်ယူရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် စာချုပ်ပါ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ပေးပို့ရမည့် Delivery Point များသို့လည်း ရာသီဥတုကို သတိပြု၍ အချိန်မီပေးပို့နိုင်ရေး အတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောလျင်စွာ စတင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့်လည်း စာချုပ်ပါ သတ်မှတ် Design ၊ Drawing များ အတိုင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ရေးဆောင်ရွက်မည့် ကျေးရွာ များ၌ လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားစေလိုပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျ ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် က NEP စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ ပါသည်။
၎င်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်နှင့် ကွန်ကရစ်တိုင်များဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများမှ တာဝန်ရှိသူတို့က စာချုပ်များအား အသီးသီး အပြန်အလှန် လဲလှယ်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။