The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ လှူဒါန်းထားသည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ( ၂၁ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ လှူဒါန်းထားသည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။  

               အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ POSCO International Corporation (Myanmar E & P)  မှ Managing Director Mr. Jung Hwan Lee နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် POSCO International Corporation (Myanmar E & P) သည် မြန်မာ့ကမ်းလွန်လုပ်ကွက် A-1 & A-3 ကို ၂၀၀၀ ပြည့်နှစ်မှစတင်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များ ချုပ်ဆိုပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်း၊ ရှာဖွေ၊ တူးဖော်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်မှစတင်၍ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံး နှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြီး၏ Operator ဖြစ်ပါ ကြောင်း၊ POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် လူမှုရေးတာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်း များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံအဆောက်အဦနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ကဏ္ဍများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရသည့်အချိန်တွင် POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် ဆေးရုံ၊ ဆေးပေးခန်းနှင့် Quarantine Center များအပြင် COVID-19 သံသယလူနာ အများဆုံး ကုသမှုခံယူနေသည့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် ခွဲစိတ်ခန်းသုံးနှင့် အဆင့်မြင့် နှာခေါင်းစည်းများ၊ ကာကွယ်ရေး ပစ္စည်းများအတွက် ပထမအကြိမ် အမေရိကန်ဒေါ်လာ ၂ သိန်းခန့် ထောက်ပံ့ပေးခဲ့သည့်အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယအကြိမ်အဖြစ် ရောဂါရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် စစ်ဆေးမှုပေါင်း ၁၀,၀၀၀ ပြုလုပ်နိုင်သည့် ရောဂါရှာဖွေရေးကိရိယာများ ကိုလည်း ကိုရီးယားနိုင်ငံမှ ဝယ်ယူတင်သွင်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပြီး၊ ယခုအခါ တတိယအကြိမ်အဖြစ် ရောဂါပိုးရှာဖွေစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရန် စမ်းသပ်မှုပေါင်း ၇,၂၀၀ ဆောင်ရွက်နိုင် သည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ရောဂါရှာဖွေရေး RT-PCR စက်သစ်ကြီးနှင့် ရောဂါ ရှာဖွေရေးကိရိယာများ၊ ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ရစဉ်အတွင်း နိုင်ငံသူ/သားများ ရောဂါအန္တရာယ်ကင်းဝေးရေး ပံ့ပိုးကူညီနိုင် ခဲ့မှုများအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ အလားတူ COVID-19 ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းပါသော အခြားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများနှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ မိတ်ဖက်ကုမ္ပဏီများ၏ COVID-19 ရောဂါကာကွယ်ရေး ပံ့ပိုးကူညီမှုများအတွက် လည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် POSCO International Corporation (Myanmar E & P) ၏ လူမှုရေး တာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်းဆောင်ရွက်မှုများအား Video Clip ဖြင့် ရှင်းလင်းတင်ပြပါသည်။

               ၎င်းနောက် POSCO International Corporation (Myanmar E & P) မှ COVID-19​ ရောဂါ ရှာဖွေစစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် လှူဒါန်းမည့် RT-PCR machine နှင့် ဆက်စပ်ပစ္စည်း များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူခဲ့ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

               ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် တို့က ဝန်ကြီးဌာနသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြ သည့် ကုမ္ပဏီ (၂၃) ခုမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက COVID-19 ရောဂါ ရှာဖွေစစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် RT-PCR machine နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးခဲ့မှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးမှု စွမ်းဆောင်ရည်သည် အရေးကြီးပါကြောင်း၊ ယခု လှူဒါန်းသည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ RT-PCR စက်နှင့် ဓာတ်ခွဲဆေးရည်ပစ္စည်းများသည် ရောဂါပိုးရှိသူများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေး ဖော်ထုတ်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်၌ COVID-19 ကူးစက်ဖြစ်ပွားမှုများ တွေ့ရှိနေရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လမ်းညွှန်ချက် များ ထုတ်ပြန်ခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ချမှတ်ခြင်းအပါအဝင် လုပ်ငန်းစဉ် များကို အလေးထား ဆောင်ရွက်လျက်ရှိပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် အခြားဒေသများသို့ ရောဂါပြန့်ပွားခြင်းမရှိစေရေး ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
21-Aug-2020