The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု - System Break အဆက်)

ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု (System Break) ဖြစ်ရခြင်း အကြောင်း……… မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ အားနည်းချက်များ ပြုပြင်ရန် အချက်များကို ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ရာ….. တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းနေ့ညနေပိုင်းတွင်... ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု( System Break) ဖြစ်ရပြန်ပါသည်…..

          System Break ဖြစ်ကြောင်း..လျှပ်စစ်ဌာနဆိုင်ရာ Website များနှင့် Facebook များတွင် …System Break ဖြစ်၍… ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း… အသိပေး ဖော်ပြထားချက် ကို ဖတ်ရသော ရန်ကုန်မှ မိတ်ဆွေရင်းတစ်ဦးက ..ယခုရက်ပိုင်း…မီးပျက်တာတွေမှာ …System Break ကြောင့်…မီးပျက်ပါကြောင်း..အသိပေးချက်တွေ ...များနေပါကြောင်း.... ဓာတ်အားမလုံ လောက်လို့ .. ဓာတ်အားပြတ်တောက်တာနဲ့.. System Break ဖြစ်ရတာတွေနဲ့ …နားမလည်နိုင် တော့ဘူးဟု… ပြောလာပါသည်။

 ပြောလည်း ပြောချင်စရာ ဖြစ်ခဲ့ရပါသည်… ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ မေလ ၄ ရက်နေ့အထိ ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု System Break  ၉ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ရာ အချို့နှစ်များ ၏ တစ်နှစ်စာ System Break အကြိမ်လောက် ဖြစ်နေပါသည်။ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း ၄ လ ကာလအတွင်း ဇန်နဝါရီလတွင် ၂ကြိမ်၊ ဧပြီလအတွင်း ၅ကြိမ်နှင့် မေလ ပထမပတ်တွင် ၂ကြိမ် ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ဧပြီလ ၁ ရက်မှ မေလဆန်း ၄ရက်နေ့အထိ တစ်လကျော် (၃၄ ရက်) အတွင်း ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု ၇ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် မယုံနိုင်လောက် အောင်ပင် ဖြစ်ခဲ့ရပါသည်။

၂၀၁၆ ခုနှစ် System Break ဖြစ်စဉ်များ

          ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သော System Break ဖြစ်ရမှုများကို လေ့လာ ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-

  • (က) ၁၁.၁.၂၀၁၆ ရက်နေ့ ၀၉:၁၀ နာရီတွင် သာစည်-ရွှေမြို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ယာယီလိုင်းအပြစ် ဖြစ်ခဲ့ပါသည်။

  • (ခ) ၁၂.၁.၂၀၁၆ ရက်နေ့ ၂၀:၃၀ နာရီတွင် ရွှေမြို့-ပျဉ်းမနား ၂၃၀ ကေဗွီ ဓာတ်အားလိုင်း အပြစ်ဖြစ်ခဲ့ပါသည်။ ၎င်းလိုင်း၏ တိုင်အမှတ်(၇၂) လက်တန်း (Arm)ပေါ်တွင် ငှက်သိုက်မှ ငှက်ချေးတန်းများမှ တစ်ဆင့် ဓာတ်အားလိုင်းကြိုး တစ်ချောင်း(C Phase) ၏ကြွေသီး မြေဓာတ်ကျမှု (Earth ကျခြင်း) ဖြစ်ပြီး လျှပ်စစ်ခုန်ကူးမှု (Spark)ကြောင့် ဖြစ်ခဲ့ရပါသည်။

  • (ဂ) ၂.၄.၂၀၁၆ ရက်နေ့ ၁၄:၃၆ နာရီတွင် ရွှေလီ-မန်စံ အမှတ်(၁)ဓာတ်အားလိုင်း တိုင် အမှတ်(၂၁၁)၏ A Phase  လိုင်းကြိုးတွင် ကြွေသီးတစ်လုံးတွင် ကြွေသီးတစ်လုံး ကွဲခြင်း၊ B Phase လိုင်းကြိုးတွင် ကြွေသီး တစ်လုံး အပေါက်ပေါက်ခြင်းများကြောင့် ဖြစ်ပါသည်။

  • (ဃ) ၁၂.၄.၂၀၁၆ ရက်နေ့ ၁၄:၅၅ နာရီတွင် ရွှေလီ-မန်စံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင် အမှတ်(၁၂၇)နှင့် (၁၃၀)ကြားတွင် တောမီးများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပါ သည်။

  • (င) ၂၂.၄.၂၀၁၆ ရက်နေ့ ၁၅:၅၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာပြီး မိုးသီး များ ကြွေကျခြင်းကြောင့် ရဲရွာ-ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင်အမှတ် (၇၉) ထိပ်ပိုင်း ကျိုးကျခြင်း၊ အုန်းတော်-ညောင်ပင်ကြီး ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင်အမှတ် (၁၂၈) ထိပ်ပိုင်း ကျိုးကျခြင်းများကြောင့် ဖြစ်ပါသည်။

  • (စ) ၂၃.၄.၂၀၁၆ ရက်နေ့ ၁၉:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများ ကြွေကျခြင်းတို့ကြောင့် မန်စံ-ရွှေစာရံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း၊ ဘဲလင်း-သပြေဝ ဓာတ်အားလိုင်းများတွင် ယာယီလိုင်း အပြစ်များ ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

  • (ဆ) ၂၇.၄.၂၀၁၆ ရက်နေ့ ၁၈:၀၀ နာရီတွင် တောင်ငူ-ဖြူး-ကွန်း-သာယာကုန်း ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လမ်းကြောင်းရှိ တိုင်အမှတ် (၁၈) နှင့် (၂၀) ကြား၊ တိုင်အမှတ်(၁) နှင့် (၃)ကြား ဓာတ်အားလိုင်းကြိုးများ အောက်ရှိ ကြံစိုက်ခင်းများမှ ကြံရွက် အမှိုက်များ မီးရှို့ခြင်းကြောင့် လိုင်းကြိုးများ အပူလှိုင်းဒဏ်ထိခြင်းကြောင့် ဖြစ်ပါသည်။

  • (ဇ) ၂.၅.၂၀၁၆ ရက်နေ့ ၁၃:၅၀ နာရီတွင် မန်စံ-ရွှေစာရံ ဓာတ်အားလိုင်း တိုင်အမှတ်(၄၅) နှင့် (၄၆)အကြားတွင် လက်နက်ကြီးစ ထိမှန်၍ လိုင်းအမှတ်(၁) (Circuit-1)၏ C Phase ဓာတ်အားလိုင်းကြိုး ပြတ်ကျခြင်းကြောင့် ဖြစ်ပါသည်။

  • (ဈ) ၄.၅.၂၀၁၆ ရက်နေ့ ၁၈:၃၄ နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်း မိုးသက်လေပြင်းကျခြင်း၊ မိုးကြိုးပစ်ခြင်းများကြောင့် တောင်တွင်းကြီး-ရွှေတောင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင်အမှတ်(၂၃၁)တွင် B Phase ဓာတ်အားလိုင်းကြိုး အား မိုးကြိုး ပစ်ခံရခြင်းကြောင့် ယာယီအပြစ်ဖြစ်ခဲ့ပါသည်။

         ဖော်ပြပါ ဖြစ်စဉ်များတွင် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပွားမှု ၅ ကြိမ်ပါရှိပါသည်။ ဖြစ်စဉ် (ဇ)မှ လွဲ၍ ကျန်ဖြစ်စဉ်များကို လျှပ်စစ်ဝန်ထမ်းများက နေ့မအား ညမနား ပြုပြင်ဆောင်ရွက်ခဲ့၍ လုပ်ငန်းအားလုံး ပြီးစီးပြီး ဖြစ်ပါသည်။ ဖြစ်စဉ်(ဇ)ဖြစ်သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်း လိုင်း အမှတ်(၁)ရှိ တိုင်အမှတ်(၄၅)နှင့် (၄၆)ကြားတွင် နယ်မြေလုံခြုံရေး အခြေအနေအရ သွားရောက် နိုင်ခြင်း မရှိသေး၍ ပြတ်ကျနေသော ဓာတ်အားလိုင်းကြိုးကို ပြုပြင်နိုင်ခြင်း မရှိသေးပါ။

ရွှေလီ စက်ရုံမှ ဓာတ်အားကို မန်စံအထိ Double Circuit လိုင်းအမှတ်(၁)၊ လိုင်းအမှတ်(၂)တို့ဖြင့် တည်ဆောက်ရယူခြင်းကြောင့် စက်ရုံမှ ပို့လွှတ်သော ၄၀၀ မဂ္ဂါဝပ်ဓာတ်အားများမှ ၃၀၀ မဂ္ဂါဝပ်ကို ကျန်ရှိနေသော ကောင်းမွန်သည့် လိုင်းအမှတ်(၂)ဖြင့် ပေးပို့ပေးလျက်ရှိပါသည်။ ကျန်ရှိသော ၁၀၀ မဂ္ဂါဝပ်ခန့်ကို လိုင်းအမှတ်(၁)ရှိ ပြတ်ကျနေသော ကြိုး ပြန်လည်ဆက်သွယ် ပြုပြင်ပြီးပါက ဓာတ်အားရယူနိုင်မည်ဖြစ်ပါသည်။

ကြိုတင်အသိမပေးနိုင်သော ဓာတ်အားပြတ်တောက်မှု                                                   

          ဓာတ်အားပြတ်တောက်မှုများတွင် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ထိန်း သိမ်းမှု၊ ပြုပြင်မှုများ ဆောင်ရွက်ခြင်း၊ ဝန်အားမနိုင်၍ ဓာတ်အားအလှည့်ကျပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် အခါများတွင် ဓာတ်အားပြတ်တောက်မည့် ရက်၊ အချိန်ကို ကြိုတင်အသိပေး ကြော်ငြာနိုင်ပါသည်။ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ချို့ယွင်းမှု၊ သဘာဝဘေးဒဏ် ကျရောက်မှု များသည် ရုတ်တရက် ဖြစ်ပေါ်ခြင်း ဖြစ်သည့်အတွက် မီးသုံးသူများကို ကြိုတင်အသိပေးနိုင်ခြင်း မရှိဘဲ ချို့ယွင်းသော အပိုင်း၊ နေရာ၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများကို ရှာဖွေမှု ဆောင်ရွက်ပြီးမှ မီးသုံးသူများကို အသိပေးရပါသည်။  System Break ဖြစ်ရာတွင် တစ်ပြည်လုံးရှိ ဓာတ်အားပေး စက်ရုံ၊ ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းနှင့် ပတ်သက်မှု ရှိသဖြင့် မည်သည့်နေရာက ဖြစ်ပွားသည်ကို မသိသေးခင် System Break ဟု ကြိုတင်ဖော်ပြပြီး ဖြစ်ပွားသည့်နေရာ တွေ့သောအခါ ထပ်မံဖော်ပြရခြင်းဖြစ်ပါသည်။ ဓာတ်အားစနစ်တွင် အဆင့်မြင့် Power System Control စနစ် ပြည့်စုံစွာ တပ်ဆင်ထားပါက ဖြစ်ပွားသည့် နေရာကို အမြန်ဆုံး သိနိုင်မည်ဖြစ်ပါသည်။

လျှပ်စစ်ဝန်ထမ်းအားလုံး မနားရပါ

                System Break ကြောင့် ရုတ်တရက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်လာသဖြင့် မီးသုံးစွဲ သူများ စိတ်သောက ရောက်ကြရပါသည်။ ဓာတ်အားလိုင်း၊ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားပေး ခွဲရုံ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်းများ အနေဖြင့် မိမိတို့ တာဝန်ယူရသော နယ်မြေအပိုင်း အတွင်း ပြည်သူကို အသိပေးခြင်း၊ မိမိတာဝန်ယူ ထိန်းသိမ်းသော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ ချို့ယွင်းမှု ဖြစ်ပေါ်နေသလား စစ်ဆေးကြရပါသည်။ System က ဓာတ်အားပြန်လည်ပေးသည့်အခါ တိုင်းဒေသကြီး/ပြည်နယ်ရှိ ပင်မဓာတ်အားခွဲရုံများမှ တစ်ဆင့် ခရိုင်/မြို့နယ်ရှိ ဓာတ်အားခွဲရုံများ အထိ ဆက်သွယ်ကာ ဓာတ်အားပို့လွှတ် ဆောင်ရွက်ကြရပါသည်။ System      က ဓာတ်အားပြန်ပေးသည့်အခါ ရုတ်တရက် ဗို့အားမြင့်ခြင်းကြောင့် ဓာတ်အားခွဲရုံများ၊ 

စက်ပစ္စည်းများ ပျက်စီးမှု မဖြစ်စေရန် ဓာတ်အားခွဲရုံ စက်ပစ္စည်းနှင့် ဓာတ်အားလိုင်း ခလုပ်များကို ပိတ်ထားရာမှ တစ်ဆင့်ချင်း တစ်ဆင့်ချင်း အများပြည်သူသုံး ထရန်စဖော်မာများအထိ ဓာတ်အား ရောက်ရှိလာအောင် ဆောင်ရွက်ပေးသွားရပါသည်။ မိမိပိုင်နက်အတွင်း ဓာတ်အား ပြန်လည် ရရှိချိန်တွင် System Break ​ကြောင့် စက်ပစ္စည်းများ ချို့ယွင်းမှု မရှိဘဲ အခက်အခဲမရှိ အများပြည်သူ ဓာတ်အား ပြန်လည်ပေးနိုင်တော့မှသာ ဝန်ထမ်းများအနေဖြင့် စိုးရိမ်ပူပန် သောက ဝေဒနာများကို သက်ပြင်းချနိုင် ကြပါသည်။

System Break နှင့် စက်ပစ္စည်း ချို့ယွင်းမှု

         အရှိန်ပြင်းစွာ မောင်းနေသော ကားကို ရုတ်တရက် ဘရိတ်နင်းပြီး ရပ်သကဲ့သို့ပင် ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားခွဲရုံများသည် ဝန်အားအပြည့်ဖြင့် ဓာတ်အားပေးထားချိန် System Break ​ကြောင့် ရုတ်တရက် ဓာတ်အားပေးမှု ရပ်သွားခြင်းကြောင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်တတ်သည့် အပြင် စက်များ၏ သက်တမ်းကိုလည်း ထိခိုက်စေပါသည်။ System Break ကြောင့် စွမ်းအားပြည့် လည်ပတ်နေသော သဘာဝဓာတ်ငွေ့ တာဘိုင်စက်များ အနေဖြင့် Compressor Blade၊ တာဘိုင် Blade များ ကျိုးခြင်း၊ ကြွေခြင်းများ ဖြစ်ပေါ်တတ် ပါသည်။ ၂၀၁၆ ခုနှစ် ပူပြင်းလှသော နွေရာသီတွင် ဓာတ်အားပေးစက်များ ဝန်အားအပြည့် လည်ပတ် နေရာမှ System Break ဆက်တိုက် ဖြစ်ပွားမှုများကြောင့် ရန်ကုန်မြို့ရှိ ၄၂ မဂ္ဂါဝပ်ထွက်ရှိသော တာဘိုင်စက်နှင့် ၃၀ မဂ္ဂါဝပ်ထွက်ရှိသော  တာဘိုင်စက် ၂လုံး ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်မြို့အတွက် ထပ်မံ လိုအပ်နေသည့် ဓာတ်အားကို ဓာတ်အားစနစ်ကတစ်ဆင့် ပြန်လည်ရယူရန်မှာလည်း ရန်ကုန်မြို့သို့ ပေးပို့သော System ၏ ဓာတ်အားလိုင်းကြိုးများမှာ ဝန်အား နိုင်နင်းမှု မရှိသည့်အတွက် အချို့နေရာများတွင် အလှည့်ကျ ဓာတ်အားပိတ်(ဝန်အားလျော့ချ)ခြင်းများ ပြုလုပ်၍ ဓာတ်အားပေးနေရခြင်း ဖြစ်ပါသည်။

နွေရာသီနှင့် ဓာတ်အားသုံးစွဲမှု

         အယ်လ်နီညို ရာသီဥတုကြောင့် ကမ္ဘာတစ်ဝှမ်း ဆည်မြောင်းတာတမံများ၊ မြစ်ချောင်း များတွင် ရေများ ခမ်းခြောက်မှုနှင့်အတူ သောက်သုံးရေ ပြတ်လတ်မှု၊ ဆည်များအတွင်း ရေလျော့ နည်းကျဆင်းမှုနှင့် အတူ ရေအားလျှပ်စစ် စက်ရုံများ ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာခြင်းများ ကြုံတွေ့နေရပါသည်။ နွေရာသီ ပူပြင်းမှုကြောင့် လေအေးပေးစက်များ၊ ပန်ကာများ သုံးစွဲမှု၊ စိုက်ပျိုးရေ သုံးရေများအတွက် ဓာတ်အားသုံးစွဲမှု ပိုများလာပြီး ယခင်က ဝန်အား ၇၅% သာ သုံးစွဲသော ထရန်စဖော်မာများသည် ဝန်အား ၁၀၀% ထိ ရောက်ရှိလာခြင်း နှင့် ကျော်လွန်ခြင်းများ ဖြစ်ပေါ်ကာ ဗို့အားကျဆင်းခြင်းနှင့် ထရန်စဖော်မာ ချို့ယွင်းမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ဗို့အားကောင်းမွန်ရေးနှင့် ထရန်စဖော်မာများ ချို့ယွင်းမှုများ မဖြစ်စေရေး အတွက် နေရာအချို့တွင် ဝန်အားလျော့၍ ဓာတ်အားပေးရခြင်းများ ရှိလာပြီး ရန်ကုန်မြို့တွင် သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ကြုံတွေ့နေရသည့် ခက်ခဲမှုပင် ဖြစ်ပါသည်။ ဓာတ်အားခွဲရုံများ၊ ဓာတ်အား လိုင်းများ၏ System Improvement များကို ဘဏ္ဍာငွေ ရရှိမှုအရ နှစ်စဉ်တိုးချဲ့ ဆောင်ရွက်နေ သော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။ အယ်လ်နီညို ကုန်ဆုံးပြီး… အပူရှိန်တွေ ကျဆင်း ကာ … အေးချမ်းသော မိုးများ… ရွာသွန်းမှုနှင့်အတူ.. ဓာတ်အားပြတ်တောက်မှုနှင့် System Break ကိုလည်း… ဝေးသွားစေချင်ပါသည်….           

ဓာတ်အားထုတ်လုပ်မှု စနစ်များ ပေါင်းစပ်ပါဝင်ခြင်း(Generation Mix)

         လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ယနေ့အချိန်အထိ အပြည့်အဝနီးပါး ထုတ်လုပ်ပေးနိုင်သေး သော်လည်း နွေကာလ ကြာရှည်လာပါက ရေအားစက်ရုံများ ထုတ်လုပ်မှု ပိုမို ကျဆင်းလာပါမည်။ ထုတ်လုပ်မှု လျော့နည်းပြီး သုံးစွဲမှုများနေခြင်းကြောင့် System Break  ဖြစ်ပေါ်မှုများ မရှိစေရန် အတွက် အလှည့်ကျ ဓာတ်အားပေးခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လက်ရှိ ရေအား လျှပ်စစ် စက်ရုံများသည် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း၏ ၆၇% ထုတ်လုပ်ပေးလျက်ရှိပြီး ကျန်သဘာဝ ဓာတ်ငွေ့စက်ရုံများ၏ ထုတ်လုပ်မှုသည် ၃၃% ရှိသည့်အတွက် နွေကာလကြာလာသည် နှင့်အမျှ ရေအားစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာမည် ဖြစ်ပါသည်။ နွေရာသီများတွင် ဓာတ်အား မလုံလောက်မှု မဖြစ်စေရေး အတွက် အခြားနိုင်ငံများနည်းတူ အပူစွမ်းအင်သုံး (သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နူးကလီးယား) ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်သုံး ဓာတ်အား ပေးစက်ရုံများ ပါဝင်သော ဓာတ်အား ထုတ်လုပ်မှု(Generation Mix) ကို ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

ဝေယံ

 

03-Jan-2018