The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ်ထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် စတုတ္ထ ၃ လပတ်အတွက် လုပ်ငန်းလျာထားချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ တတိယ ၃ လပတ်အထိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် ပြန်လည်သုံးသပ်ခြင်း နှင့် စတုတ္ထ ၃ လပတ်အတွက် လုပ်ငန်းလျာထားချက်များ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ်(၄၄)၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရုံးချုပ် အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်(ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန)၊ ဦးဆောင်ညွှန်ကြားရေးမှူး(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ရေနံမြေအထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါ သည်။

          အစည်းအဝေးတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် ညွှန်ကြားရေးမှူး (ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေး) ဦးဉာဏ်ထွန်းတို့မှ ကုန်းပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများတွင် ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်မှုအခြေအနေများနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ အထွက်တိုးရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ရေနံမြေ အထွေထွေမန်နေဂျာများက ဒေသအလိုက်၊ ကဏ္ဍအလိုက် တတိယ ၃ လပတ်အထိ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စတုတ္ထ ၃ လပတ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း လျာထားချက် ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ကုန်းပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှုန်း သဘာဝအလျောက်ကျဆင်းနေမှု ပမာဏကို ထိန်းနိုင်ရန်နှင့် တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် ရေနံရှာဖွေရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်၍ ဆောင်ရွက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသစ်များ ရှာဖွေဖော်ထုတ်ရန် လိုအပ်ကြောင်း၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ တွင်းတူးစက်များ၊ ထုတ်လုပ်ရေး တွင်းပြင်စက်များ၊ အင်ဂျင်နီယာဌာနများ မှ စက်ပစ္စည်းကိရိယာများ၊ ဆိုက်စမစ်တိုင်းတာရေး ပစ္စည်းကိရိယာများ၊ သုတေသနလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို အရည်အသွေးမြှင့်တင်ပေးရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ကျွမ်းကျင်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် နိုင်မှုအပေါ် အကဲဖြတ်၍ ချီးမြှင့်ခြင်း နည်းလမ်းများ ရှာဖွေအကောင်အထည်ဖော် သွားရန် ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကို တက္ကသိုလ်များ၊ ဆက်စပ် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတော်၏ စီမံကိန်း များကို အကောင်ထည် ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများကို လိုက်နာ၍ တိတိကျကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်း အချက်အလက် များ တိကျမှန်ကန် စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြား၍ အစည်းအဝေးကို (၁၉:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-Jan-2018