The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာ၊ ရွှေကျင်ကျေးရွာ နှင့်ပုထိုးစမ်းကျေးရွာ လျှပ်စစ်မီးရရှိ

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၅)ရက်

             အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ တည်ပင်ကန်ပေါက်ကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့၏ ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

             ကျေးရွာမီးလင်းရေးအောင်ပွဲများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၊ မကွေးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ တည်ပင်ကန်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဘိုဌေး၊ ဇီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၊ မကြီးကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်လဲ့လဲ့နိုင်၊ မီးလင်းရေးကော်မတီ ဥက္ကဌများဖြစ်ကြသော တည်ပင်ကန်ပေါက်ကျေးရွာမှ ဦး၀င်းဆွေ၊ ရွှေကျင်ကျေးရွာမှ ဦးစိုးမိုးအောင်၊ ပုထိုးစမ်းကျေးရွာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်း ဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီး အမှတ် (၁) မဲဆန္ဒနယ် ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးခရိုင် လျှပ်စစ် အင်ဂျင်နီယာ ဦးဘုန်းနိုင်နှင့် မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်တို့က လျှပ်စစ် မီးလင်းရေး လုပ်ငန်းဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

             တည်ပင်ကန်ပေါက်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၈၃၀၀)ပေ ၊ ရွှေကျင်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း (၃၉၀၀)ပေ နှင့် ပုထိုးစမ်းကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄၅၀၀)ပေကို ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက် ခဲ့ပြီး၊ တည်ပင်ကန်ပေါက်ကျေးရွာအတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၂၉)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံး၊ ရွှေကျင်ကျေးရွာအတွက် (၁၁)ကေဗွီ ဓာတ်အား လိုင်း (၁.၈၀)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၁၀၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံး၊ ပုထိုးစမ်း ကျေးရွာ အတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း (၀.၉)မိုင် နှင့်(၁၁/၀.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင် ပေးခဲ့ခြင်းဖြစ်ပြီး တည်ပင်ကန်ပေါက် ကျေးရွာရှိ အိမ်ခြေ(၃၃၆)အိမ်၊ ရွှေကျင်ကျေးရွာရှိ အိမ်ခြေ (၁၃၀)အိမ်နှင့် ပုထိုးစမ်းကျေးရွာရှိ အိမ်ခြေ(၁၄၅)အိမ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ် ကြောင်း သိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
06-Nov-2020