၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၁၇ )ရက်
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး များ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံ အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးအဖြစ် တာဝန်ယူထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပထမနေ့ အစီအစဉ်ဖြစ်သည့် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးအတွက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ ကြိုတင်ပြင်ဆင်မှုအစည်းအဝေး (SOME Preparatory Meeting for the 38th AMEM) သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၀၈:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများမှ AMEM နှင့် ဆက်စပ်အစည်းအဝေးများတွင် အတည်ပြုရန် ကိစ္စရပ်များ အတွက် အကြိုညှိနှိုင်းအစည်းအဝေးများကို လည်းကောင်း၊ နိုဝင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၄) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး (14th EAS-EMM)၊ (၁၇) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများနှင့် ASEAN+3 နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား အစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အစည်းအဝေး (6th AMEM-IEA)၊ (၄) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် အပြည်ပြည် ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီအစည်းအဝေး (4th AMEM-IRENA) နှင့် ၂၀၂၀ အာဆီယံ စွမ်းအင်ဆိုင်ရာ လုပ်ငန်းဖိုရမ် (2020 ASEAN Energy Business Forum (AEBF)) တို့ကို လည်းကောင်း ကျင်းပမည်ဖြစ်ပါသည်။