The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၁၉ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော (၃၈) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ ပါဝင် တက်ရောက်ခဲ့ပါသည်။

             ယနေ့ နိုဝင်ဘာ (၁၉) ရက်နေ့တွင် (၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၏ ပထမနေ့အစည်းအဝေးအစီအစဉ်အဖြစ် (၃၈)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် ၂၀၂၀ ပြည့်နှစ် ASEAN Energy Business Forum တို့၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ စွမ်းအင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံ Ministry of Industry & Trade, Vice Minister H.E Mr. Dang Hoang An က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး (38th AMEM)၊ (၆) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီအစည်းအဝေး (6th AMEM-IEA)၊ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များ ချီးမြှင့်ခြင်း အစီအစဉ်တို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

             ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးများ တက်ရောက်ရာတွင် အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ASEAN Plan of Action for Energy Cooperation - APAEC) တွင် ပါဝင်သည့် ကဏ္ဍခွဲ (၇)ခုဖြစ်သည့် အာဆီယံ လျှပ်စစ်ဓာတ်အားကွန်ရက်၊ အာဆီယံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်၊ အာဆီယံ ကျောက်မီးသွေးစွမ်းအင်ကဏ္ဍ၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်၊ ဒေသတွင်း စွမ်းအင် မူဝါဒနှင့်စီမံရေး၊ ပြန်ပြည့်မြဲစွမ်းအင်၊ စွမ်းအင်ခြိုးခြံ ချွေတာရေးနှင့် ထိရောက်စွာ သုံးစွဲရေးတို့၏ Phase I (2016-2020) ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ဆက်လက် ဆောင်ရွက်သွားမည့် Phase II (2021-2025) ပါ အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသော စွမ်းအင်ပြောင်းလဲသုံးစွဲမှု မြှင့်တင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများဖြင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှုများကို စွမ်းအင်ကဏ္ဍ လုပ်ငန်းများ ကြံ့ကြံ့ခံကာ တုန့်ပြန်ဆောင်ရွက်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ Energy Security နှင့် Electricity Security ကိစ္စရပ်များအားလည်းကောင်း၊ စွမ်းအင်မူဝါဒအသစ်များ ပြောင်းလဲချမှတ် ကျင့်သုံးရေးကိစ္စရပ် များအားလည်းကောင်း သုံးသပ်ဆွေးနွေး အတည်ပြုခဲ့ပါသည်။

             အစည်းအဝေးအစီအစဉ်များအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး H.E Mr. Supattanapong Punmeechaow နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား သီးခြား ဆွေးနွေးခဲ့ပါသည်။

             အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးဌာနများ၏ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သည့် International Energy Agency (IEA)၊ International Renewable Energy Agency (IRENA)၊ ASEAN+3 နိုင်ငံများ ဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန် စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးလျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၁၇) ကြိမ် မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် ASEAN+3 နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားအစည်းအဝေး (17th AMEM+3)၊ (၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင် အေဂျင်စီအစည်းအဝေး (4th AMEM-IRENA)၊ (၁၄) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေး (14th EAS-EMM) တို့သို့ Online မှတဆင့် ဆက်လက် တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
19-Nov-2020