၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂)ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သော ဖြူး မြို့နယ်၊ ကုန်းအင်း(အရှေ့)ကျေးရွာ၊ ကုန်းအင်း(အနောက်)ကျေးရွာနှင့် ကုန်းအင်း(တောင်)ကျေးရွာ တို့၏ ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျေးရွာမီးလင်းရေးအောင်ပွဲများကို တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဉီးသက်စိန်၊ တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ တောင်ငူခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဉီးမျိုးအောင်စံ၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသန်းထွေး၊ ဖြူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဉီးအောင်မြင့်ကြည် နှင့် ကျေးရွာ(၃)ရွာမှ မီးကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဉီးမျိုးအောင်စံနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသန်းထွေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကိစ္စရပ်များကို ပြောကြားကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ကုန်းအင်း(အရှေ့)ကျေးရွာ မီးလင်းရေး အတွက် လိုအပ်သည့် (၄၀၀)ဗို့ဓာတ်အားလိုင်း (၂၉၅၀)ပေ၊ ကုန်းအင်း(အနောက်)ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် (၄၀၀)ဗို့ဓာတ်အားလိုင်း (၄၂၀၀)ပေ၊ ကုန်းအင်း(တောင်)ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် (၄၀၀)ဗို့ ဓာတ်အားလိုင်း (၂၃၀၀)ပေကို ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ပြီး အဆိုပါ ကျေးရွာ (၃) ရွာအတွက် (၁၁) ကေဗွီ ဓာတ်အား လိုင်း(၂.၀၃)မိုင် နှင့် ၁၁/၀.၄ ကေဗွီ၊ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၃)လုံးတို့ကို အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်းအင်း (၃)ရွာရှိ အိမ်ခြေ (၂၀၄) အိမ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။ ဖြူးမြို့နယ်အတွင်း NEP Phase-1 အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၇၃ ရွာ ပါဝင်ပြီး ယခုအခါ ၆၆ ရွာ မီးလင်းပြီးဖြစ်ပါသည်။ လက်ရှိ မီးလင်းမှုရာခိုင်နှုန်းမှာ ၈၀% ဖြစ်ပြီး NEP Phase-2 တွင် ပါဝင်သည့် ၂၇ ရွာ မီးလင်းပြီးပါက ၁၀၀% ပြည့် မီးလင်းနိုင်မည်ဖြစ်ပါသည်။