The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၃၈)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံသို့တက်ရောက်၍ မိန့်ခွန်းပြောကြား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဗီယက်နမ်နိုင်ငံ the Vietnam Union of Science and Technology Associations (VUSTA) ကကြီးမှူး၍ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် Hybrid System ဖြင့် ကျင်းပ ပြုလုပ်သော (၃၈) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38th Conference of ASEAN Federation of Engineering Organizations–CAFEO 38)သို့ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ ပါသည်။

             အခမ်းအနားစတင်သည်နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Vu Duc Dam နှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် (ASEAN Federation of Engineering Organizations - AFEO) ၏ ဥက္ကဋ္ဌနှင့် ဗီယက်နမ်နိုင်ငံ VUSTA ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ Dr. Sc. Nghiem Vu Khai တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ASEAN Award များကို ပေးအပ်ခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးမှလည်း “Industry 4.0 & engineering solutions in the new era for climate and disaster proof and resilient ASEAN” ခေါင်းစဉ်ဖြင့် Video Message ပေးပို့၍ မိန့်ခွန်းပြောကြားရာ၌ Industry 4.0 သည် အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ များအနေဖြင့် အသိဉာဏ်ရှိသောစက်များနှင့် အဆင့်မြင့်နည်းပညာများကို အသုံးပြုသည့် Industry 4.0 ကို မဟာဗျူဟာအဖြစ် လက်ခံ ကျင့်သုံးနေကြပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ASEAN Declaration on Industrial Transformation to Industry 4.0 ထုတ်ပြန်ခဲ့ခြင်းအတွက် ချီးကျူး ဂုဏ်ပြုလိုပါကြောင်းနှင့် ၎င်းကိုအသုံးပြု၍ အာဆီယံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက် အခဲပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ International Energy Agency (IEA) မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာများ အရ ကိုဗစ်ကပ်ရောဂါကာလအတွင်း ရုပ်ကြွင်းလောင်စာ အပါအဝင် စွမ်းအင်သုံးစွဲမှု သိသိသာသာ ကျဆင်းခဲ့ပြီး သန့်ရှင်းစွမ်းအင်ဖြစ်သည့် သဘာဝဓာတ်ငွေ့နှင့် Solar Power ကဲ့သို့ ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုများ ပိုမိုသုံးစွဲခဲ့သဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ (Green House Gas-GHG) ထုတ်လွှတ်မှု များနှင့် ‌ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ခဲ့ကြောင်းနှင့် အဆိုပါ Clean Energy နှင့် Solar ကဏ္ဍများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သတင်း အချက်အလက်နည်းပညာနှင့် ပိုမိုကောင်းမွန်သောဆက်သွယ်ရေးသည် အနာဂတ် Industry 4.0 အခြေခံသည့် လူသားထိန်းချုပ်မှုမဲ့ ရုံးဌာနများနှင့်စက်ရုံအလုပ်ရုံများ၊ မောင်းသူမဲ့သယ်ယူ ပို့ဆောင်ရေးယာဉ်များ စသည့် ဖွံဖြိုးတိုးတက်မှုများအတွက် အထောက်အကူ ဖြစ်ကြောင်း၊ အဆိုပါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ ပိုမိုတိကျမှန်ကန်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာမည်သလို လက်ရှိစက်မှု လုပ်ငန်းများ၊ အခြားကဏ္ဍများ၏ အလုပ်အကိုင် များအပေါ် ပြောင်းလဲသက်ရောက်မှုများ ရှိလာမည်ဖြစ်ပါကြောင်း၊ CAFEO38 ၏ အဓိက မျှော်မှန်းချက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင်မြင်သော အာဆီယံအသိုက်အဝန်း ထူထောင်ရန်ဖြစ်ကြောင်း၊ လူဦးရေ သန်း ၆၅၀ ကျော်နေထိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်မြင့်လာသော အာဆီယံနိုင်ငံများသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍဖွံ့ဖြိုးမှုတွင် အဓိကပါဝင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု စီမံချက် (global sustainable plan) သည် ကမ္ဘာ့ GDP တိုးတက်မှု၏  ၁.၁ ရာခိုင်နှုန်းခန့်ကို မြှင့်တင်နိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း၊ အဆိုပါ စီမံချက်သည် Industry 4.0 ကို အကျိုးကျေးဇူးပြုမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများမှ နာလန်ထူရေးသည် ကမ္ဘာ့နိုင်ငံ အားလုံးအတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပြီး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရေးနှင့် စွမ်းအင်အရင်းအမြစ်ပေါင်းစုံကို ထုတ်ယူသုံးစွဲရေးသည် အရေးပါကြောင်း၊ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့် တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် သတိထားဆောင်ရွက်ရမည့်အချက်တစ်ချက်မှာ မကြာခဏဖြစ်ပေါ်လေ့ရှိသော သဘာဝ ဘေးအန္တရာယ်များ၏ သက်ရောက်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းနှင့် လျော့နည်းသက်သာအောင် ပြုလုပ်ခြင်းတို့ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လျှပ်စစ် နှင့်စွမ်းအင် ကဏ္ဍမှ ဆောင်ရွက်ချက်များကို အကျဉ်းချုပ်ရှင်းပြလိုပါကြောင်း၊ ၂၀၁၆ ခုနှစ် မတိုင်မီက မိမိတို့နိုင်ငံတွင် ၃၄ % ခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့သော်လည်း မိမိတို့အစိုးရသစ် လက်ထက်တွင် ဦးစားပေးကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခု ၂၀၂၀ ပြည့်နှစ်တွင် ၅၆ % အထိ တိုးတက်လာပါကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅% နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀% လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များမှာ အဓိကအားဖြင့် ရေအားနှင့်နေရောင်ခြည် စွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲ စွမ်းအင်နှင့်  သဘာဝဓာတ်ငွေ့နှင့် LNG ကဲ့သို့ သန့်ရှင်းသောစွမ်းအင် များကို အခြေခံထားပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ Generation Mix သည် Hydropower ၄၀ % ၊ သဘာဝဓာတ်ငွေ့ ၃၄ % ၊ LNG ၁၁ % ၊ Solar ၁၄ % ဖြစ်ပြီး စက်တပ်ဆင် အင်အား (၈၁၁၈) မဂ္ဂါဝပ်အထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ အာဆီယံ၏ ရည်မှန်းချက်မှာ ၂၀၂၅ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ စွမ်းအင်လိုအပ်ချက်၏ ၂၃ % ကို အသုံးပြုရန် ဖြစ်ကြောင်း၊ အဆိုပါရေရှည် တည်တံ့သော စွမ်းအင်စနစ်များနှင့် အခြား နည်းစနစ်များကို အသုံးပြု၍ မြန်မာနိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ အဆင့်မှ တန်ချိန်ပေါင်း ၁၀.၅ သန်းအထိ လျှော့ချရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ကမ္ဘာလုံးအပေါ် ဆိုးကျိုးသက်ရောက်နေသည့်  ရာသီဥတုပြောင်းလဲခြင်း ကို ကာကွယ်ထိန်းချုပ်ရန် မိမိတို့အနေဖြင့် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု(GHG) နှင့် လေထုညစ်ညမ်းမှုတို့ကို အတူတကွလျှော့ချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှု နှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု(GHG) တို့ကို အဓိကဖြစ်စေသော စွမ်းအင်ကဏ္ဍအနေဖြင့် သန့်ရှင်းသော စွမ်းအင်နည်းပညာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင် သိုလှောင်မှုစနစ် (Energy Storage System) များသို့ တဖြည်းဖြည်း ပြောင်းလဲအသုံးပြုသွားရမည်ဖြစ်ကြောင်း၊ Industry 4.0 သည် အဆိုပါပြောင်းလဲမှုဖြစ်စဉ်အတွက် လွန်စွာ အရေးပါကြောင်း၊ ယခုညီလာခံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်မြင်သည့် အာဆီယံအသိုက်အဝန်းကို တည်ဆောက်ရန် လိုအပ်သော Industry 4.0 သို့ အသွင်ကူးပြောင်းရေးမဟာဗျူဟာများ၊ နည်းပညာများကို လည်းကောင်း၊ လက်ရှိကာလအတွက် လွန်စွာအရေးကြီးသော ကိုဗစ်ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို ပြန်လည်ကုစားနိုင်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးသွားကြ ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါသည်။   

             ဆက်လက်၍ မလေးရှားနိုင်ငံ Institution of Engineers နှင့် ASEAN Academy of Science and Technology တို့၏ ဥက္ကဋ္ဌဖြစ်သူ  Dr. Chua Hean Teik မှ Future ready labour force: innovative education for the next generation of ASEAN Engineers ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ Vietnam Electricity (EVN)၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Mr. Ngo Son Hai မှ People centered connectivity: advanced connectivity, technology and solutions in Electricity and Power sector of Viet Nam ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများ၏ အင်ဂျင်နီယာအသင်းချုပ်များမှ နိုင်ငံ အလိုက် Country Report များကို တင်ပြကြရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က “Fostering Initiatives and Actions by AFEO to Build a Sustainable and Prosperous ASEAN Community” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

          (၃၈)ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38th Conference of ASEAN Federation of Engineering Organizations–CAFEO38)နှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့် AEI Building ၊ AEI Manufacturing ၊  AEI Electrical Installation၊ Sustainable Cities ၊ Engineering Education and Capacity Building ၊ AEI Boiler ၊ Energy ၊ Transport Workshop Webinar ၊ Disaster Workshop Webinar နှင့် Woman Engineers Summit စသည်တို့ကိုလည်း နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၆) ရက်နေ့အထိ အသီးသီး ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ် (AFEO)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟို ကော်မတီဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြပါသည်။

Post under by : ဝန်ကြီးရုံး
25-Nov-2020