The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇  ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၀၅:၃၀  နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်၍ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

             ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ပြည်ထောင်စု ဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မဟာစည်သတိပဌာန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည် ကြကာ ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက ဆရာတော်သံဃာတော်များထံသို့ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး မဟာစည်သတိပဌာန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာ တရားတော်များ နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

          ယနေ့ကျင်းပပြုလုပ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပဥ္စမအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းတိုက် (၁၄) ကျောင်းအတွက် စုစုပေါင်းလှူဒါန်းငွေကျပ် ၄၀,၇၄၆,၅၉၀/- (ကျပ် ​လေးရာ့ ခုနစ်သိန်း လေးသောင်း  ခြောက်ထောင် ငါးရာ့ ကိုးဆယ် တိတိ) တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲ များက အာရုံဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
27-Nov-2020