၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၂၈ )ရက်
နိုင်ငံတော်၏ တိုးတက်သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အားကို သယ်ဆောင်ဖြန့်ဖြူးပေးမှု အခြေအနေနှင့် တိုးတက်ထုတ်လုပ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ဆောင် ပေးနိုင်ရန် အတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို စစ်ဆေးရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC)၊ ပုဗ္ဗသီရိမြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)ရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC)သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရက ဓာတ်အားစနစ်တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်နေသောအခြေအနေ၊ အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ များမှ ဓာတ်အားစနစ်သို့ ဝင်ရောက်လာပါက ထိန်းညှိဆောင်ရွက်မည့်အစီအစဉ်၊ ဆက်လက် ဆောင်ရွက်မည့်အခြေအနေ၊ Smart Grid ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အရည်အသွေးကောင်းမွန်သော ဓာတ်အားစနစ်နှင့် Voltage ပြည့်ဝစွာဖြင့် ဓာတ်အား ပို့လွှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဓာတ်အားစနစ်အတွင်းရှိ ခွဲရုံများအား SCADA System ဖြင့် Automation စနစ်မောင်းနှင်၍ Unmanned Sub-Station များအဖြစ် ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Center ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ကွပ်ကဲဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က နိုင်ငံတော်ဓာတ်အား စနစ်ရှိ အဓိကကျသော ခွဲရုံများ၏ လက်ရှိစွမ်းဆောင်နိုင်မှုအခြေအနေနှင့် တိုးချဲ့ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားသော ဓာတ်အားလိုင်းများတွင် လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေ များကိုလည်းကောင်း၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ များအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က အဓိကကျသည့် ဓာတ်အားခွဲရုံများမှတစ်ဆင့် ပြန်လည်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေကိုလည်းကောင်း၊ နေပြည်တော်(၂) ဓာတ်အားခွဲရုံမှူးနှင့် ပျဉ်းမနား ဓာတ်အားခွဲရုံမှူး တို့က ဓာတ်အားလက်ခံပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်မှာကြားရာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ယခုအချိန်အထိ (၄)နှစ်ကျော် ကာလအတွင်း တိုးတက်ဆောင်ရွက်နိုင်မှု များအနေဖြင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း (၇၉၃) မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း (၂၄၀၀) မိုင်၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၂၄၀၀)မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၁၄၀၀၀)မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၁၄၀၀၀)မိုင်၊ စုစုပေါင်း (၃၃၀၀၀) မိုင်တို့ကို လည်းကောင်း၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ (၃၂၇၅)အမ်ဗွီအေ၊ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံ (၆၆၀) အမ်ဗွီအေ၊ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ (၃၆၀၀) အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၃၆၀၀) အမ်ဗွီအေနှင့် ၁၁ ကေဗွီဓာတ်အားခွဲရုံ (၁၀၀၀၀) အမ်ဗွီအေတို့ကို အသီးသီးတိုးချဲ့ တည်ဆောက်ပေး နိုင်ခဲ့သည့်အတွက် မြို့ (၈၂)မြို့နှင့် ကျေးရွာပေါင်း (၁၀၂၉၄) ရွာတို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ရန်အတွက် ဝေးလံ ခေါင်သီသော ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်တွင် ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၄၂.၁) မိုင်နှင့် ဓာတ်အားခွဲရုံ (၃) ရုံတို့ကို တည်ဆောက်ပြီး ဘူးသီးတောင်- မောင်တော ဒေသသို့ လည်းကောင်း၊ အလားတူ ကရင်ပြည်နယ်တွင် ၂၃၀ ကေဗွီ မော်လမြိုင်- မြဝတီ ဓာတ်အားလိုင်း (၅၅.၅)မိုင်၊ ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း (၄၁.၅)မိုင်နှင့် ဓာတ်အားခွဲရုံ(၂)ရုံတို့ကို တည်ဆောက်ပြီး မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ တို့သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်း(၃၃.၄)မိုင်နှင့် ဓာတ်အားခွဲရုံ(၁)ရုံတို့ကို တည်ဆောက်ပြီး မော်လိုက်မြို့သို့ လည်းကောင်း၊ ၂၃၀ ကေဗွီ ဗန်းမော်-နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း(၁၈၀)မိုင် နှင့် ဓာတ်အားခွဲရုံ (၂)ရုံတို့ကို တည်ဆောက်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့သို့ လည်းကောင်း၊ ချင်းပြည်နယ် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်း (၅၁)မိုင်နှင့် ဓာတ်အားခွဲရုံ (၁) ရုံတို့ကိုတည်ဆောက်ပြီး မတူပီမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်း (၁၅၁.၆) မိုင် နှင့် ဓာတ်အားခွဲရုံ(၃)ရုံတို့ကို တည်ဆောက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံသို့လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်ကို အသီးသီး ရောက်ရှိအောင် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝန်အားပြည့်နေသည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းများ အထောက် အကူဖြစ်စေရန်နှင့် တိုးတက်သုံးစွဲလာမည့် ပြည်သူများအား ဆက်လက်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးတွင် ၅၀၀ ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း (Union Grid) (၁၄၆)မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းများ၊ ၂၃၀ ကေဗွီ အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်း (၇၆.၇) မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တွင်လည်း ၅၀၀ ကေဗွီ ဘုရားကြီး - လှိုင်သာယာ ဓာတ်အားလိုင်း (Union Grid) (၆၀) မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းများအားလည်းကောင်း၊ ၅၀၀ ကေဗွီ တောင်ငူ - ဘုရားကြီး ဓာတ်အားလိုင်း (၁၁၇) မိုင် စီမံကိန်းများအားလည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ၂၃၀ ကေဗွီ ညောင်ပင်ကြီးခွဲရုံတိုးချဲ့ခြင်းနှင့် ဂန့်ဂေါ ခွဲရုံစီမံကိန်းများကိုလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း (၁၈၀)မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို လည်းကောင်း၊ ကရင်ပြည်နယ်တွင် ၂၃၀ ကေဗွီ ဘားအံ- (သထုံ-မော်လမြိုင်) ဓာတ်အား လိုင်း (၈.၄) မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်တွင် ၁၃၂ ကေဗွီ အထက်ကျိုင်းတောင်း-နမ့်စန် ဓာတ်အားလိုင်း (၃၇)မိုင်၊ ၆၆ ကေဗွီ မူဆယ်-နမ့်ဖက်ကာ ဓာတ်အားလိုင်း (၃၂.၇)မိုင်နှင့် ဓာတ်အားခွဲရုံစီမံကိန်းတို့ကို ဆက်လက်ပြီး အချိန်မီ အကောင်အထည်ဖော် တည်ဆောက်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ စီမံကိန်း လုပ်ငန်း များအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေး အလေးထား၍ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားစနစ်မှ ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်မှုရှိစေရေး ကြိုတင်စစ်ဆေး ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဓာတ်အားစနစ်တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ယခင် Transmission Losses ၄ % ရှိခဲ့ရာမှ ယခု ၃ % ထိ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၀ ပိုမို ပို့လွှတ်နိုင်သဖြင့် ဖြန့်ဖြူးရေးပိုင်းတွင် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများနေသည့်အပေါ် လျှော့ချရေး တို့ကို အထူးဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် နှစ်စဉ်တိုးတက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား များကို သယ်ပို့ပေးနိုင်ရန်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သော ၅၀၀ ကေဗွီ ပြည်ထောင်စု မဟာဓာတ်အားလိုင်း (Union Grid) အသစ်များဖြစ်သည့် Eastern Grid ၊ Western Grid ၊ Southern Grid ၊ Northern Grid စသည်တို့ကိုလည်း စီမံဆောင်ရွက် လျက်ရှိရာ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း)-တောင်ငူ (စပါးကြွယ်) - ဘုရားကြီး (ကမာနတ်) ပြည်ထောင်စုမဟာ ဓာတ်အားလိုင်း (Union Grid) စီမံကိန်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ အဆိုပါ ၅၀၀ ကေဗွီ လိုင်းများ ပြီးစီးသွားပါက လက်ရှိရံဖန်ရံခါ ဖြစ်တတ်သည့် System Breakdown ဖြစ်ခြင်းများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားစနစ်အတွင်း Automation ရရှိနိုင်ရေးအတွက် SCADA System Network တိုးချဲ့တည်ဆောက်နိုင်ရန် ဓာတ်အားလိုင်းများတွင် Optical Fiber Ground Wire (OPGW) ကြိုးများ အစားထိုး လဲလှယ် တပ်ဆင်လျက်ရှိသည် ကိုလည်း ပိုမိုတိုးတက်မြန်ဆန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Smart Grid အဖြစ် ဖော်ဆောင်ရေး ရည်ရွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုင်းတစ်လိုင်းအပြစ် ဖြစ်ပွားချိန်တွင် အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ဓာတ်အားပေးနိုင်ရန်အတွက် Single Circuit မှ Double Circuit ဓာတ်အားလိုင်းများဖြစ်အောင် တည်ဆောက်ခြင်းနှင့် ဓာတ်အားစနစ် ပိုမို ကောင်းမွန်စေ၍ ယုံကြည်စိတ်ချရသော (N-1 Criterion) System နှင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် Radial System အပြင် Ring System များ အသုံးပြုနိုင်ရေး ဆောင်ရွက် လျက်ရှိရာ အဆိုပါ System များနှင့်အတူ ဓာတ်အား ထုတ်လုပ်မှု၊ ဓာတ်အားဖြန့်ဖြူးမှုများကိုလည်း ဟန်ချက်ညီညီ တိုးတက်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အား စနစ်အား ထိန်းသိမ်း ကွပ်ကဲနိုင်ရေးအတွက် National Control Center (NCC) နေပြည်တော်၊ Load Dispatching Center (LDC) ရန်ကုန် စသည့် Control Center များကို ထားရှိ ဆောင်ရွက်ပြီး ဖြစ်သလို ဒေသအလိုက် ဓာတ်အားထိန်းညှိကွပ်ကဲရေးဌာန Regional Control Center (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော်သော နေရာများတွင် ဆောင်ရွက်ရန် လျာထားစီမံ ဆောင်ရွက် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ၌ ကွပ်ကဲမှုလွယ်ကူ စေရန် ဇုန်(၄)ခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိရာ Zone(A)အဖြစ် မန္တလေးဓာတ်အားပေး စက်ရုံစုကိုလည်းကောင်း၊ Zone (B) အဖြစ် နေပြည်တော်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone (C) အဖြစ် မကွေးဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone (D) အဖြစ် ရန်ကုန် ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများကိုလည်း ဟန်ချက်ညီညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုလို COVID ထိန်းသိမ်းမှုကာလအတွင်း၌ စီးပွားရေး ပြန်လည်ဉီးမော့လာရေးကို အထောက်အကူဖြစ်စေရန် သက်ဆိုင်သော ပြည်သူများ၏ လက်ဝယ်သို့ ငွေကြေးစီးဆင်းမှု လျင်မြန်စေရန် စီမံကိန်းများ၏ သတ်မှတ်လျာထားချက်များ ပြီးမြောက်သည်နှင့် သတ်မှတ် ငွေကြေးပေးချေမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစေရေး စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အခြေခံကျသော လိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်မီးဖြစ်သည့်အလျောက် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ပြည်သူ လူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့် ပေးထားသည့် ရည်မှန်းချက်များအပေါ် အထူးအလေးထား ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် တဖက်တွင်လည်း မိမိတို့၏ လျှပ်စစ်မီးရရှိမှု အပေါ်မူတည်၍ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အတွက် အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မဓာတ်အားခွဲရုံများအတွင်း ဓာတ်အား လက်ခံ ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေများနှင့် တိုးချဲ့မည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။