The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြ

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (  ၂၂  ) ရက်

               ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား Online Video Conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

               ရှေးဦးစွာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဆွေးနွေးရာ၌ (၂၀၀၈) ခုနှစ်မှ စ၍ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ဖြစ်ပေါ်မှု ၂၀၁၃ ခုနှစ်တွင် စီမံကိန်းပုံစံ ပြောင်းလဲ၍ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းအဖြစ် နယ်နိမိတ်ပိုင်းခြား ဆောင်ရွက်ခဲ့မှု၊ မြန်မာနှင့် ထိုင်းနိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့မှု၊ ယခု လတ်တလောကာလ၌ ဂျပန်နိုင်ငံအစိုးရက စီမံကိန်း၌ ပါဝင် ဆောင်ရွက်ရန် ကမ်းလှမ်းလာမှုအား မြန်မာနိုင်ငံအစိုးရက လက်ခံခဲ့မှု၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ထိုင်းနိုင်ငံနယ်စပ် အထိ နိုင်ငံပိုင်လမ်းအဖြစ် တည်ဆောက်အဆင့်မြှင့်မည့် ၂-လမ်းသွား ကတ္တရာလမ်းကိစ္စကို လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖြစ်မြောက်ရန် အရေးပါလှသော နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအောင် မြန်မာအစိုးရက ကြိုးစားစီမံနေမှုကိုလည်းကောင်း ထည့်သွင်း ရှင်းလင်းခဲ့ပါသည်။

               ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်းမှ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း လက်ရှိဖြစ်ပေါ်တိုးတက်မှု များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ ပါသည်။

               ဆက်လက်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ မေးမြန်းမှုများအား သက်ဆိုင်ရာကော်မတီဝင်များမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အစည်းအဝေးသို့ တနင်္သာရီတိုင်း​ဒေသကြီးလွှတ်​တော်ဥက္ကဋ္ဌ ဦးခင်​မောင်​အေး၊ တိုင်းဒေသကြီးလွှတ်​တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦး​အောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီး ဦးလှ​ထွေးနှင့် တာဝန်ရှိသူများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချို၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်နှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ပြီး အခမ်အနားမှူးအဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းမှ ဆောင်ရွက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Dec-2020