၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၂၅)ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ မိကျောင်းရဲတိုက်နယ်၊ ရေခါးကျေးရွာ နှင့် ကန်တော်ကျေးရွာ မီးလင်းရေး အောင်ပွဲ ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ မိကျောင်း ရဲမြို့လျှပ်စစ်မှူး ဦးခင်ရီ၊ ကန်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေ၊ ရေခါးကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးမြင့်ဇော်၊ ကန်တော်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးခင်သိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားကြပြီး၊ မိကျောင်းရဲမြို့လျှပ်စစ်မှူး ဦးခင်ရီက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မိကျောင်းရဲမြို့လျှပ်စစ်ရုံး ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ရေခါးကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၁.၀၆) မိုင်နှင့် ကန်တော်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ဗို့ ဓာတ်အားလိုင်း (၁.၀၇) မိုင်ကို ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ကာ၊ ရေခါးကျေးရွာအတွက် (၁၁) ကေဗွီ ဓာတ်အားလိုင်း(၁.၂၅)မိုင်၊ (၁၁/၀.၄) ကေဗွီ (၁၀၀) ကေဗွီအေ ထရန်စဖော်မာ (၂)လုံးနှင့် ကန်တော်ကျေးရွာအတွက် (၁၁)ကေဗွီဓာတ်အားလိုင်း (၂.၁၅)မိုင်၊ (၁၁/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) အနေဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မိကျောင်းရဲ တိုက်နယ်တွင် ဆောင်ရွက်သည့် ကျေးရွာ ရာခိုင်နှုန်းပြည့် မီးလင်းပြီး ဖြစ်ပြီး၊ ရေခါးကျေးရွာရှိ အိမ်ခြေ (၁၈၀) နှင့် ကန်တော်ကျေးရွာရှိ အိမ်ခြေ (၃၇၀)တို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။