The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၇ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး၊ ဉီးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ ရောက်ရှိရာ အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီ  South East Asia Pipeline Co., Ltd. (SEAP) မှ Deputy Director ဖြစ်သူ Mr. Xia Donglun (မစ္စတာရှီဒေါင်လင်)မှ  အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ  South East Asia Gas Pipeline Co., Ltd. (SEAGP) သည် ၁-၁၂-၂၀၁၃ ရက်နေ့ မှစ၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက်လျှင်ပျမ်းမျှ ကုဗပေသန်း ၅၀၀ ခန့်ကိုလည်းကောင်း၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ South East Asia Crude Oil Pipeline Co., Ltd. (SEAOP) သည် ၁-၂-၂၀၁၈ ရက်နေ့မှစ၍ ပြည်ပမှ တင်သွင်း သည့် ရေနံစိမ်းအား တစ်ရက်လျှင်ပျမ်းမျှ ကုဗမီတာ ၃၅၀၀ ခန့်ကိုလည်းကောင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင်ပေးလျက်ရှိပါ ကြောင်း၊ ထိုသို့ ပို့ဆောင်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးပင်မထိန်းချုပ်စခန်း၊ ကျောက်ဖြူ၊ မဒဲကျွန်း၊ ဆင်ခုံတိုင်၊ ရေနံချောင်း၊ တောင်သာ၊ ပြင်ဉီးလွင်၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နေပြည်တော်စခန်းများမှ ပိုက်လိုင်းအား အချိန်ပြည့် စောင့်ကြည့်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါကြောင်း၊  သက်ဆိုင်ရာ ဉပဒေ၊ နည်းဥပဒေများနှင့်အညီ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ၊ မြေယာသီးနှံ လျော်ကြေးပေးရေးလုပ်ငန်းများနှင့် လူမှုရေးတာဝန်သိမှု Corporate Social Responsibility (CSR) လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပိုက်လိုင်းစခန်းအသီးသီးမှ ပေးပို့ လာသော သတင်းအချက်အလက်များနှင့် ပိုက်လိုင်းအရေးပေါ်အခြေအနေ ဖြစ်ပွားလာပါက ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိတွင် ရေနံစိမ်း ပိုက်လိုင်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တို့တွင် မြန်မာနိုင်ငံသား ၉၇၀ ဉီး (၈၁ ရာခိုင်နှုန်းခန့်) တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆက်လက်၍ မြန်မာနိုင်ငံသား ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု ရာခိုင်နှုန်းနှင့် လုပ်ငန်းကျွမ်းကျင်မှုများ ပိုမို တိုးတက်စေရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နေပြည်တော်ကွပ်ကဲရေးရုံးတွင် မြန်မာနိုင်ငံသား ၃၃ ဉီးနှင့် နိုင်ငံခြားသား ၁၀ ဉီးတို့မှ ၂၄ နာရီ အလှည့်ကျစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ ယခု ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှုကာလတွင် မြန်မာနိုင်ငံသား ၂၉ ဉီးနှင့် နိုင်ငံခြားသား ၃ ဉီးတို့ အလှည့်ကျ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ပါသည်။

             အဆိုပါ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက CSR လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မကြာမီ ခေါ်ယူကျင်းပမည့် တတိယ အကြိမ် လွှတ်တော်၏ စွမ်းအင်ဆိုင်ရာ ကော်မတီဝင်များနှင့် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး awareness program များ ပိုမိုဆောင်ရွက်ပေးစေလိုပါကြောင်း၊ စီမံကိန်း လည်ပတ်နေမှုနှင့် ဝင်ငွေရရှိမှုတို့သည် နှစ်နိုင်ငံအတွက် အရေးပါသောကြောင့် new normal ကာလအတွက် skill labour နှင့် technician များ ကြိုတင်စုစည်းလေ့ကျင့်ထားရန်နှင့် ဝန်ထမ်းများ covid ကာကွယ်ဆေးထိုးနှံရေး ကြိုတင်စဉ်းစားထားရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းနှစ်ခုလုံး၏ စွမ်းရည်ပြည့် ပို့လွှတ်နိုင်ရေးနှင့် စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် စေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအား မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဝန်ထမ်းများသို့ မျှဝေပေးရေးအစီအစဉ်များ ပြုလုပ်ပေးစေလိုပါကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွပ်ကဲရေးရုံးဝင်းအတွင်းရှိ စီမံကိန်းဆိုင်ရာပြခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
07-Jan-2021