The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူး၍ Virtual Meeting ဖြင့် ကျင်းပပြုလုပ်သော International Conference on Engineering Education Association (ICEEA 2021 Myanmar) သို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

          အခမ်းအနား၌ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာသင်ကြားရေးသမိုင်းသည် ၁၉၂၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာပညာဌာနကို ဖွင့်လှစ်ထူထောင်ခြင်းဖြင့် စတင်ခဲ့ပါ ကြောင်း၊ ထို့နောက် ၁၉၆၄ ခုနှစ်မှစတင်၍ ရန်ကုန်စက်မှု တက္ကသိုလ်မှ သက်ဆိုင်ရာ အင်ဂျင်နီယာ ဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့သည်မှာ ယနေ့ထိပင် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာဘွဲ့ရများသည် မြန်မာ နိုင်ငံ၏ သက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံ အဆောက်အအုံ (Infrastructure) တည်ဆောက်ရေးသည် အလွန်အရေးပါပြီး ယင်းလုပ်ငန်းများကို အင်ဂျင်နီယာများက အဓိက အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်သုံးရေရရှိရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာ သင်ကြားရေးသည် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်ဂျင်နီယာများသည် အစိုးရကဏ္ဍတွင်သာမက ပုဂ္ဂလိကလုပ်ငန်းအသီးသီးတွင်လည်း ပါဝင်လျက် ရှိပါကြောင်း၊ အင်ဂျင်နီယာများ၏ အရည်အသွေး ပြည့်ဝကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အနေဖြင့် ASEAN Federation of  Engineering Organization (AFEO) ၊ Federation of  Engineering Institutions of Asia and Pacific (FEIAP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် လုပ်ငန်းများစွာလည်းရှိပါကြောင်း၊ ပူးပေါင်းကူညီ လမ်းပြဆောင်ရွက်မှုများစွာ အတွက် FEIAP ၊ IEET ၊ UNSW ၊ BEM ၊ WFEO နှင့် IEA အစရှိသော မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုအဖြစ် အင်ဂျင်နီယာပညာမဟာမိတ်အဖွဲ့ (International Engineering Alliance – IEA) ၏ ပဏာမအဖွဲ့ဝင် (Provisional Status) အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရ ပါကြောင်းနှင့် ဝါရှင်တန်သဘောတူညီချက် (Washington Accord) အပြည့်အဝ အဖွဲ့ဝင် (Full Signatory) ရရှိရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာများ၏ အခန်း ကဏ္ဍသည်များစွာ အရေးပါလျက်ရှိပါကြောင်းနှင့် အစိုးရသစ် လက်ထက်၌ ကဏ္ဍအသီးသီးတွင်  သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို   တွေ့ရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံး၏ ၃၄ % သာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ သော်လည်း ယခုအခါ ၅၇ % အထိ ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုလည်း အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက် များနှင့်အညီ  ရေအားလျှပ်စစ်မှ  ၄၀% ၊  နေရောင်ခြည် စွမ်းအင်မှ ၁၄% ၊ Domestic Gas မှ ၃၄% နှင့် LNG မှ ၁၁% စသည်ဖြင့် ထုတ်လုပ်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅% နှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အင်ဂျင်နီယာပညာသင်ကြားရေးနှင့် အင်ဂျင်နီယာ ဘွဲ့ရများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အရေးပါလျက်ရှိပါကြောင်း ပြောကြားပါသည်။

          အဆိုပါ International Conference on Engineering Education Association (ICEEA 2021 Myanmar) သည် ၁၄-၁-၂၀၂၁ ရက်နေ့မှ ၁၆-၁-၂၀၂၁ ရက်နေ့အထိ ကျင်းပလျက်ရှိကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အပါအဝင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အင်ဂျင်နီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ် တို့မှ Accreditation ဆိုင်ရာ ပါမောက္ခချုပ် နှင့် ပါမောက္ခများပါဝင်၍ စာတမ်းများ ဖတ်ကြားသွားကြမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
15-Jan-2021