The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ကြေညာခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်

              ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ သတင်းကြေညာချက်ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)ရှိ ရတနာခန်းမ၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဖိတ်ကြားထားသည့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။

              အခမ်းအနားတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းနောက်ခံ အကျဉ်းချုပ်၊ ထားဝယ် အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ချုပ်ဆိုခဲ့သည့် စာချုပ်များ၊ ထိုင်းနိုင်ငံ၊ ဂျပန် နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ ရှင်းလင်းတင်ပြခြင်းနှင့် ကနဦးစီမံကိန်း ရင်းနှီးတည်ဆောက်ခွင့်ရရှိသူ ကုမ္ပဏီထံသို့ စီမံကိန်း လုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်ရပ်ဆိုင်းကြောင်း အကြောင်းကြားစာပေးပို့မှုအား အများပြည်သူ သိရှိစေရန် ကြေညာချက်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာ ကြသည့် ပြည်တွင်း၊ ပြည်ပသတင်းထောက်များမှ မေးမြန်းသည့် မေးခွန်းများအား ပြန်လည် ဖြေကြားခြင်းနှင့် Online ဖြင့် တက်ရောက်လာသည့် ပြည်တွင်း/ပြည်ပသတင်းဌာနများမှ မေးမြန်း သည့်မေးခွန်းများအား ပြန်လည်ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

              ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဒေသခံများအတွက်သာမက နိုင်ငံတော် အတွက်ပါ အရေးပါသော စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သော်လည်း ကနဦးရင်းနှီးတည်ဆောက်ခွင့် ရရှိသူ အီတာလျံ−ထိုင်းကုမ္ပဏီသည် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ် နှောင့်နှေး ကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထားများတင်ပြရန် ပျက်ကွက်ခြင်း စသည့် အားနည်းချက်များကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ကနဦးအဆင့် စီမံကိန်း(၉)ခုအတွက် ၂၀၁၅ ခုနှစ်တွင် အီတာလျံ−ထိုင်းကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော ကနဦးစီမံကိန်း လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်အားလုံးအား ရပ်ဆိုင်းကြောင်းကို ၂၀၂၀ ပြည်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အီတာလျံ−ထိုင်းကုမ္ပဏီသို့ပေးပို့၍  စာချုပ်များ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
18-Jan-2021