The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၁၉  ) ရက်

               ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ဝင်း နှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး TTCL Power Myanmar Co.,Ltd. မှ President & CEO Mr. Hironobu Iriya ၊ Managing Director Ms. Suratana Trinratana နှင့် တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာ၌ ယနေ့ အခမ်းအနားသည် ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ဖြစ်ပါကြောင်း၊ ယခုအခါ လျှပ်စစ် ဓာတ်အားတိုးတက်လိုအပ်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပမှ LNG တင်သွင်း ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် ပြည်တွင်းမှ ရနိုင်သမျှသော အရင်းအမြစ်များအားလုံးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ တွင် LNG to Power စီမံကိန်းကြီး(၃)ခုအတွက် ကုမ္ပဏီများသို့ Notice to Proceed (NTP) ထုတ်ပေးခဲ့ပါကြောင်း၊ ၎င်းစီမံကိန်း (၃) ခု အနက်မှ TTCL Co., Ltd မှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ သော အလုံ LNG to Power Combined Cycle Power Plant စီမံကိန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါကြောင်း၊ အလုံ LNG စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ခဲ့ပြီး Feasibility Study ၊ Environmental Impact Assessment ၊ LNG Feasibility နှင့် Gas Pipeline တို့အပါအဝင် စီမံကိန်း အတွက် မြေယာပိုင်ဆိုင်မှု အစရှိသည့် လုပ်ငန်းများကို TTCL Co.,Ltd သည် ကြိုတင်ပြင်ဆင်ခြင်း ကာလ(၂)နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  တစ်ချိန်တည်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနသည် PPA စာချုပ်ချုပ်ဆိုနိုင်ရေး ကုမ္ပဏီများ၊ Stakeholders များအားလုံးနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စီမံကိန်းသဘောသဘာဝအရ အခြားသောသမားရိုးကျ စီမံကိန်းများနှင့် ကွဲပြားနေသည့်အတွက် ဌာနအနေဖြင့် နိုင်ငံတကာ ဥပဒေရေးရာ၊ စီးပွားရေးရာ၊ အတတ်ပညာပိုင်း ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ PPA စာချုပ်ပါ Schedule အရ TTCL ကုမ္ပဏီအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုံဓာတ်အားပေးစက်ရုံ Combined Cycle Power Plant စီမံကိန်း၏ စီးပွားဖြစ်စတင်လည်ပတ်နိုင်မှုသည် ယခုလာမည့်(၃)နှစ်အတွင်း ပြီးစီးရန် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ Combined Cycle Technology ကို အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသလောက် နည်းပါးခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ TTCL ကုမ္ပဏီသည် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍ၌ ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများရှိပြီးဖြစ်သည့်အပြင် ကုန်းတွင်းပိုင်း LNG Terminal and Regasification Unit တည်ဆောက်ခြင်း၊ လိုအပ်သော ဆက်စပ်ပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် Transmission Line အားလုံးကို ရန်ကုန်ဧရိယာအတွင်း တည်ဆောက်သွားမည်ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းနှင့် Operation လုပ်ငန်းအဆင့်တိုင်းတွင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသာမက နိုင်ငံတွင်းစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း များကိုပါ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝှမ်း၌ COVID-19 Pandemic ၏ သက်ရောက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ် လျက်ရှိရာ မြန်မာနိုင်ငံရှိ ပြည်သူလူထု အများစုသည်လည်း အဆိုပါ COVID–19 ကပ်ရောဂါ၏ သက်ရောက်မှုကို များစွာခံစား နေကြရသည့်အတွက် လူမှုစီးပွားဘဝ ဆုံးရှုံးမှုများရှိနေပါ​ကြောင်း၊ ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် စီမံကိန်းအနီးအနားရှိ ဒေသခံ ပြည်သူလူထုများအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကာလနှင့် ထုတ်လုပ် မောင်းနှင်နေသောကာလတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ ပြည်သူလူထုအတွက်လည်း တန်ဖိုးရှိသော အထောက်အကူ တစ်ရပ်ဖြစ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း သည် မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း LNG Terminal နှင့် Regasification Unit ကို အသုံးပြုသည့် ပထမဆုံး ရေရှည် LNG စီမံကိန်းတစ်ခုဖြစ်ပြီး LNG ထောက်ပံ့မှုသည်လည်း တည်ငြိမ်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် ယုံကြည်စိတ်ချရမှုမြင့်မားသည့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း အောင်မြင်စွာပြီးဆုံးသည့်အခါ PPA စာချုပ်အရ ရန်ကုန်တိုင်းဒေသကြီး ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် ပိုမိုတည်ငြိမ်စိတ်ချရသည့် လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်မည်လည်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေနှင့်လည်း PPA တွင် ဖော်ပြထားသော Time Schedule အတိုင်း အချိန်မီပြီးစီးနိုင်ရေး အကောင်းဆုံးအားထုတ် ကြိုးပမ်း ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် TTCL Power Myanmar Co.,Ltd. အနေဖြင့် သတ်မှတ်ထားသော လျာထားချက်အတိုင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် TTCL Power Myanmar Co.,Ltd. မှ Chairman of the Board of Directors, President & CEO Mr. Hironobu Iriya က စီမံကိန်းနှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

          ၎င်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် TTCL Power Myanmar Co.,Ltd. မှ Managing Director Ms. Suratana Trinratana တို့က Power Purchase Agreement (PPA) စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
19-Jan-2021