လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား Online မှတဆင့် လျှောက်ထားခြင်း (e-Form စနစ်) အား မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့တွင် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်သူများအနေဖြင့် Online မှ e-Form ဖြင့် မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများ လျှောက်ထားလိုပါက အောက်ဖော်ပြပါ အချက်အလက်များအတိုင်း လျှောက်ထားရမည်ဖြစ်ပါသည်-
(၁) Web Browser တွင် eform.moee.gov.mm ဟု ရိုက်ထည့်ပါ။
(၂) အကောင့်မရှိသေးပါက အကောင့်ပြုလုပ်ရန်ကိုနှိပ်ပြီး အကောင့်ပြုလုပ်ပေးပါ။
(၃) အကောင့်ပြုလုပ်ရန်အတွက် အမည်၊ email လိပ်စာ၊ ဖုန်းနံပါတ်တို့ကို မှန်ကန်စွာ ဖြည့်၍ အကောင့်ပြုလုပ်မည်ကို နှိပ်ပြီး မိမိ email တွင် verify ပြုလုပ်ပေးပါ။
(၄) အကောင့်ပြုလုပ်ပြီးပါက email လိပ်စာနှင့် စကားဝှက်ကို မှန်ကန်စွာ ဖြည့်စွက်ပြီး အကောင့်ဝင်မည်ကို နှိပ်ပါ။
(၅) moee.gov.mm ၏ မူလစာမျက်နှာကို မြင်တွေ့ရမည်ဖြစ်ပြီး ၎င်းမှ လျှောက်လွှာ ပုံစံများတွင် မိမိလျှောက်ထားလိုသည့် တိုင်း/ပြည်နယ်အတွင်းမှ လျှောက်ထားလိုသည့် မီတာ/ထရန်စဖော်မာ အမျိုးအစားကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။
(၆) စည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီး သိရှိလိုက်နာရန် အမှန်ခြစ်၍ ဆက်လက် လုပ်ဆောင်မည်ကို နှိပ်ပါ။
(၇) ဝန်ခံကတိပြုချက်ကို ဖတ်ရှုပြီး ဝန်ခံကတိပြုရန် အမှန်ခြစ်၍ ဆက်လက်လုပ်ဆောင် မည်ကို နှိပ်ပါ။
(၈) လျှောက်ထားလိုသည့် မီတာ/ထရန်စဖော်မာ အမျိုးအစားကို ရွေးချယ်ပါ။
(၉) ကိုယ်တိုင်ရေးလျှောက်လွှာပါ အချက်အလက်များကို ဖြည့်စွက်၍ ဖြည့်သွင်းမည်ကို နှိပ်ပါ။
(၁၀) မှတ်ပုံတင်မူရင်း(ရှေ့ဖက်၊ နောက်ဖက်)ကို ဖြည့်သွင်းပါ။
(၁၁) အိမ်ထောင်စုစာရင်း မူရင်း(ရှေ့ဖက်၊ နောက်ဖက်)ကို ဖြည့်သွင်းပါ။
(၁၂) ထောက်ခံစာမူရင်းများကို ဖြည့်သွင်းပါ။
(၁၃) ပိုင်ဆိုင်မှုအထောက်အထား မူရင်းကို ဖြည့်သွင်းပါ။
(၁၄) လျှောက်ထားသူ၏ အချက်အလက်များ မှန်ကန်ရေးအတွက် သေချာစွာ စစ်ဆေး၍ မှန်ကန်ပါက ပေးပို့မည်ကို နှိပ်ပါ။
(၁၅) မိမိလျှောက်ထားသော လျှောက်လွှာအခြေအနေကို လုပ်ငန်းစဉ်အားလုံးတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များ (ရန်ကုန်တိုင်း ဒေသကြီးမပါ) တွင် မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာများအား Online မှတဆင့် လျှောက်ထားခြင်း (e-Form စနစ်) အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း မီတာ၊ ပါဝါမီတာ၊ ထရန်စဖော်မာ များအား Online မှတဆင့် လျှောက်ထားခြင်း (e-Form စနစ်) အား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများ စတင်လျှောက်ထားနိုင်ပါက ထပ်မံ အသိပေး တင်ပြသွားမည် ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။