၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)ရုံးဝင်းအတွင်း တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံဆေးပေး ခန်းနှင့် တည်ဆောက်သွားမည့် အဆောက်အအုံများအတွက် မြေနေရာများအား သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပထမဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၄၄)ရှိ အစည်းအဝေးခန်းမ(၁)သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းမှ ရုံးအမှတ်(၄၄) မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းရုံးချုပ်အနီးတွင် အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း (SEAOP/SEAGP)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု Corporate Social Responsibility(CSR) အစီအစဉ်ဖြင့် တည်ဆောက်ပြီးစီးသည့် မြန်မာ့ရေနံ ဆေးပေးခန်းနှင့် ဆက်လက်တည်ဆောက်မည့် အဆောက်အအုံများဖြစ်သော မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံနှင့်သင်တန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ မြန်မာ့ ရေနံစာကြည့်တိုက်နှင့် ပြခန်းတို့နှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။
အဆိုပါ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဆေးပေးခန်းအတွက်လိုအပ်သော ဆရာဝန် ခန့်ထားရေးကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရေး၊ သင်တန်း ကျောင်းတည်ဆောက်ရာတွင် သင်တန်းသားထားရှိမည့် အဆောင်များကို စနစ်တကျ သီးသန့် ထည့်သွင်းတည်ဆောက်သွားရေး၊ နောက်ဘဏ္ဍာနှစ်များတွင် ဧည့်ရိပ်သာလျာထား တည်ဆောက်ရေး၊ CSR အစီအစဉ်ဖြင့် လူနာတင်ယာဉ်များဝယ်ယူဖြည့်ဆည်းသွားရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြည်လှပရေး တို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ် (၄၄) ရုံးဝင်းအတွင်း တည်ဆောက် ပြီးစီးသည့် မြန်မာ့ရေနံဆေးပေးခန်းအား ကြည့်ရှုစစ်ဆေးပြီး၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံနှင့် သင်တန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ မြန်မာ့ရေနံ စာကြည့်တိုက်နှင့် ပြခန်း တည်ဆောက်မည့် မြေနေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။