၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးသန်းဇော်သည် ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Commission for Asia and the Pacific – UNESCAP) မှကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပ ပြုလုပ်သော Extractive Industries, Sustainable Development and the 2030 Agenda in Asia and the Pacific (စကားဝိုင်းဆွေးနွေးပွဲ) အခမ်းအနားတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံ၏ Extractive Sector နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် မိမိတို့နိုင်ငံ၏ ဝင်ငွေရရှိရန် အဓိကအခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီး ပါကြောင်း၊ ထို့အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ သဘာဝဓာတ်ငွေ့အခြေခံစက်ရုံ၊အလုပ်ရုံများ၊ ဓာတ်မြေဩဇာ စက်ရုံများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင်လည်း အရေးပါပါကြောင်း၊ ရုပ်ကြွင်းလောင်စာ (Fossil Fuel) အသုံးပြုမှု မြင့်မားလာခြင်းသည် ရာသီဉတုပြောင်းလဲခြင်းဖြစ်စဉ်များအပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို မိမိတို့အားလုံး နားလည်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် Extractive Industries Transparency Initiative (EITI) အဖွဲ့၏ ၄၅ နိုင်ငံမြောက် အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး လိုအပ်သော နှစ်စဉ်အစီရင်ခံစာ များကို တင်သွင်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန်နှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချ နိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို မြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Climate Ambition Summit တွင် ကာဗွန် ထုတ်လုပ်မှုလျှော့ချရေးနှင့်ပတ်သက်၍ ရည်မှန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ပါ ကြောင်း၊ Expansion of Carbon Sink စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရည်မှန်းချက်များမှာ နိုင်ငံ၏ စုစုပေါင်းဧရိယာ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ထားသော Protected Area Systems အဖြစ် တိုးချဲ့သွားရန်၊ ထိန်းသိမ်းထားသော သစ်တောဟက်တာသန်းပေါင်း ၀.၂၅ သန်းအား အများ ပြည်သူစိုက်ပျိုးမြေအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ပုဂ္ဂလိကပိုင်မြေများအား Myanmar Reforestation and Rehabilitation Plan နှင့်အညီ ဆောင်ရွက်ထိန်းသိမ်းသွားရန်တို့ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး (Energy Efficiency) လုပ်ငန်းစဉ်များကိုလည်း ရည်မှန်းချက်များချမှတ်၍ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၀-၂၀၃၀ နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရန်အတွက် Fuel-Efficient Stoves များ ဖြန့်ဖြူးသွားရန် စီစဉ်ထားရှိ ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင်လက်ရှိ LNG အပါအဝင် သဘာဝဓာတ်ငွေ့၄၅% ခန့်၊ ပြန်ပြည့်မြဲ စွမ်းအင် ၅၄%ခန့်နှင့် အခြားစွမ်းအင် ၁% တို့ကိုအသုံးပြုနေပြီး၊ အဓိကအားဖြင့် ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုကို အလေးထားဆောင်ရွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းရည်ရွယ်ချက်များ အကောင်အထည် ဖော်ရန်အတွက် မိမိတို့ ဝန်ကြီးဌာနသည် LNG၊ ပြည်တွင်းထုတ်သဘာဝဓာတ်ငွေ့၊ လေစွမ်းအင် နှင့် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက်ရန် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ၂,၀၀၀ မဂ္ဂါဝပ်အထိ တိုးချဲ့ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ နိုင်ငံသည် International Solar Alliance (ISA) တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘာ့ကုသမဂ္ဂအဖွဲ့ချုပ်၊ အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်၍ အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာဌာန အကြီးအကဲများမှ Green Growth and Green Economy ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှုလျှော့ချပြီး ပိုမိုသန့်ရှင်းသော စွမ်းအင်များနှင့် ပြန်ပြည့်မြဲစွမ်းအင်များ တိုးမြှင့်သုံးစွဲရေး၊ Extractive Industry ကဏ္ဍတွင် လူမှုစီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေး၊ လက်ရှိ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော မူဝါဒများ၊ မဟာဗျူဟာများနှင့် နည်းပညာများ နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ပါသည်။