၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၀ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် ဌာနအကြီးအကဲများသည် ရုံးအမှတ်(၂၇)မှ တက်ရောက်ခဲ့ကြပြီး ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်များသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အဖွင့်အမှာစကားပြောကြား ရာ၌ မိမိအနေဖြင့် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရသဖြင့် မိသားစုများနှင့် ပြန်လည်တွေ့ဆုံရသကဲ့သို့ ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေရသည့် လုပ်ငန်းဖြစ်သဖြင့် ဆက်လက်၍ ကျေပွန်အောင် ထမ်းဆောင်သွားရန်လိုအပ် ပါကြောင်း၊ ၎င်းအပြင် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရ သည့် လုပ်ငန်းဌာနဖြစ်သည့်အတွက် ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဆက်လက်ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် ဆောင်ရွက်စဉ် အခက်အခဲများ တွေ့ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့တင်ပြ သွားရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြ ကြရာ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြား ခဲ့ပါသည်။