The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ မေလ ၁၀ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) သင်တန်း ခန်းမဆောင်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် စက်ရုံမှူးမှ စက်ရုံ သမိုင်းကြောင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေ၊ စက်သုံးဆီ သိုလှောင်ကန်များ၏ အခြေအနေ၊ စက်ဆီ/ချောဆီရောစပ်စက်ရုံ အခြေအနေ၊ စက်သုံးဆီနှင့်ရေနံဓာတ်ငွေ့ရည် တင်ချ ဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင် ဖြန့်ဖြူးရေးစခန်းအခြေအနေ၊ စက်ရုံဓာတ်ခွဲခန်းတွင် စက်မောင်းဆီ၊ ချောဆီများအား စမ်းသပ်စစ်ဆေးပေးနေမှု အခြေအနေ၊ စက်ရုံ၏ လက်ရှိ အခြေအနေနှင့် စက်ရုံပြန်လည် လည်ပတ်မည်ဆိုပါက အစားထိုးလဲလှယ်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေ၊ အပေါ့စားရေနံစိမ်း (condensate)နှင့် ရေနံစိမ်းဖြင့်လည်ပတ်ချက်လုပ်နိုင်မည့် အခြေ အနေ၊ လက်ရှိဝန်ထမ်းအင်အား အခြေအနေ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ စက်ရုံပိုင် မြေနေရာပေါ်တွင် အိန္ဒိယနိုင်ငံ Indian Oil Corporation Limited(IOCL) ကုမ္ပဏီမှ အဆိုပြုထား သော တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၁၀ သန်းခန့် ချက်လုပ် နိုင်သည့် ရေနံချက်စက်ရုံ သစ်စီမံကိန်း တည်ဆောက်ရေး  ဆွေးနွေးညှိနှိုင်းထားသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

                ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံရှိ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့် စည်းမျဉ်း စည်းကမ်း များကို တိကျစွာ လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်သို့ အမြန်ဆုံးဝင်ရောက်ပြီး စက်ရုံထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း၊ စီးပွားရေး တွက်ခြေကိုက်မှု အခြေအနေအရ စက်ရုံအား(၃)နှစ်ခန့် ရပ်နားထားရာမှ ပြည်တွင်း၌လိုအပ်သော စက်သုံးဆီများအား တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံပြင်ဆင်ပြုပြင်ခြင်း လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ကာ လည်ပတ်သွားရန် လိုအပ်ကြောင်း၊ ထို့အပြင် စက်ရုံအလုပ်ရုံနှင့် ယာဉ်ယန္တရား များအတွက်လိုအပ်သော စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား အမြန်ဆုံး ပြန်လည် လည်ပတ်ရန်ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် ချောဆီတင်ချ ဆိပ်ခံတံတားများ၏ ကြံ့ခိုင်စေရေး ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများကို စီမံချက်ချဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်ပါက ဝန်ထမ်းများ၏ ကာယဉာဏစွမ်းအားများကို နိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချနိုင်သလို မိမိဌာနအတွက်လည်း အကျိုးအမြတ် ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သို့ပါ၍ စက်ရုံပြန်လည် လည်ပတ်ရေးဆိုင်ရာ အချက်အလက်များအား စိစစ်တွက်ချက် တင်ပြပေးစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အသေးစိတ်စာရင်းပြုစု၍ အကောင် အထည်ဖော် ဆောင်ရွက်သွားရန်၊ စက်ရုံသန့်ရှင်းသာယာမှုရှိစေရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ဝင်း အတွင်းသို့လည်းကောင်း၊ ရေနံပေါင်းတင်စက်ရုံ၊ စက်ဆီ/ချောဆီ ရောစပ်စက်ရုံ၊ စက်သုံးဆီ သိုလှောင်ကန်များနှင့် စက်သုံးဆီတင်ချ ဆိပ်ခံတံတားများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
11-May-2021