The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မော်လိုက်ရေအားလျှပ်စစ်စီမံကိန်းနှင့် ဒေါင်းရွေးပင်မဓာတ်အားခွဲရုံစီမံကိန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၁၉ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ် နှင့် ကာလရှည် စီမံကိန်းများဖြင့် အဆင့်ဆင့် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လျာထားစီမံကိန်းများအနက်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အထက်ဘက်(၁)မိုင်ခန့် အကွာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထား ဆောင်ရွက်မည့် မော်လိုက်ရေအား လျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လိုက်ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူတို့က မော်လိုက် ရေအားလျှပ်စစ်စီမံကိန်းနှင့် မဏိပူရ်ရေအားလျှပ်စစ် စီမံကိန်းတို့၏ စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ ပဏာမစူးစမ်းလေ့လာတိုင်းတာ ရရှိထားမှု အခြေအနေများနှင့် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်မှာကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ ယနေ့အထိ မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ် စက်ရုံများ(၂၈)ရုံ၊ စက်တပ်ဆင်အား (၃၂၂၅)မဂ္ဂါဝပ်ရှိသဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့နှင့် ပြည်ပ မှတင်သွင်းသော သဘာဝဓာတ်ငွေ့ရည်(LNG)များဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပြီး ပြည်သူများကို ဖြန့်ဖြူးပေးလျက်ရှိရာ တစ်ယူနစ်စျေးနှုန်း မြင့်မားလျက်ရှိသဖြင့်၊ မိမိတို့ ပြည်တွင်းရှိ ရေအားလျှပ်စစ်အရင်းအမြစ်များက ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားများကို ဦးစားပေးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းတွင်းမြစ်ပေါ်၌ ရေအားလျှပ်စစ်စက်ရုံစီမံကိန်းများ ဆောင်ရွက်ခြင်းအားဖြင့် ချင်းတွင်းမြစ်၏ ရေစီးသန်မှုကို ထိန်းပေးနိုင်ခြင်းအပြင် ဧရာဝတီမြစ်ရေ၏ ရေကြီးရေလျံမှုနှင့် နွေရာသီ ရေခန်းခြောက်မှုကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးနိုင်မှု အကျိုးကျေးဇူး ရရှိလာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များရရှိမှုအပေါ် အ​ခြေခံ၍ စီးပွားရေးအရ တွက်ချေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့်   ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊  လျှပ်စစ်မီး ရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူ များ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ယခုလာရောက်ကြည့်ရှုသည့် မော်လိုက်ရေအားလျှပ်စစ် စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အထက်ဘက် (၁)မိုင်ခန့်အကွာ ချင်းတွင်းမြစ်ပေါ်တွင် ကျောက်ဖြည့်တမံတည်ဆောက်၍ စက်တပ်ဆင်အင်အား(၁၀၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် (၈)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား(၈၀၀)မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၈၀၀)သန်း ထုတ်လုပ်နိုင်မည်ဟု ပဏာမ လေ့လာစူးစမ်းမှုအရ တွေ့ရှိရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးနိုင်သည်အထိ အဆင့်ဆင့် ဆက်လက်စူးစမ်းလေ့လာ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ၎င်းအပြင် မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းသည်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ကလေးမြို့ ကမ္ဘားနီတံတားအထက်ဘက် (၂.၅)မိုင်အကွာ မဏိပူရ်မြစ်ပေါ်တွင် ကျောက်ဖြည့်တမံ တည်ဆောက်ပြီး စက်တပ်ဆင် အင်အား(၉၅)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် (၄)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၃၈၀) မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင် တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၉၀၃) သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မည်ကို စိစစ်တွေ့ရှိရသဖြင့် ၎င်းစီမံကိန်းများ တည်ဆောက် အောင်မြင်ပါက ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အနီးဆုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အသေးစိတ်စူးစမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ပင်မတမံ ဆောက်လုပ်ရန် လျာထားနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများက ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် စနစ်တကျကိုင်တွယ်အသုံးပြုရေးတို့အား အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Jun-2021