The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးတို့ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများဆွေးနွေး

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်

               အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီးတို့အကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက် သည့်အထူးအစည်းအဝေး (The Special Meeting of ASEAN Ministers on Energy and Minister of Economy, Trade and Industry of Japan - SPECIAL AMEM-METI) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့တက် ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက အလှည့်ကျဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ မိမိတို့နိုင်ငံ အလိုက် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်နေမှုများ၊ လက်ရှိစွမ်းအင် ထုတ်လုပ်သုံးစွဲမှုအခြေအနေနှင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး ဆောင်ရွက်နေမှု အစီအမံများအား အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

               ထို့အပြင် အာဆီယံဒေသတွင်းစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံစွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation-APAEC Phase II, 2021-2025) အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ် များ၊ ဂျပန်နိုင်ငံနှင့် အာဆီယံတို့အကြားပူးပေါင်းဆောင်ရွက်မည့် သန့်စင်သောကျောက်မီးသွေး နည်းပညာ (Clean Coal Technology - CCT)၊ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးအတွက် Carbon Capture, Utilization and Storage (CCUS) နည်းပညာကူညီပံ့ပိုးရေး၊ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ် သုံးစွဲရေး၊ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ ပြန်ပြည့်မြဲ စွမ်းအင်တိုးမြှင့်သုံးစွဲမှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ Green Energy ကဏ္ဍအတွက် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Jun-2021