နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
အိန္ဒိယနိုင်ငံ၊ Ministry of New and Renewable Energy၊ Ministry of External Affairs၊ The Energy and Resources Institute (TERI) နှင့် ASEAN Centre for Energy (ACE) တို့ပူးပေါင်း၍ Experience and Innovations for Integrated Renewables Market ခေါင်းစဉ်ဖြင့် ASEAN-India High Level Conference on Renewable Energy အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် Video Conferencing စနစ်ဖြင့်ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိမြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု၌ သဘာဝဓာတ်ငွေ့မှ ၅၆% ၊ ရေအားလျှပ်စစ်မှ ၄၀% ၊ ကျောက်မီးသွေးမှ ၃% နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ ၁% အသီးသီးရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ် လုပ်မှု၏ ၉% ကို နေစွမ်းအင် (Solar Energy) ၊ လေစွမ်းအင် (Wind Energy) ကဲ့သို့သော ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေးရည်မှန်းထားရှိပါကြောင်း၊ အဆိုပါရည်မှန်း ချက်ပြည့်မီစေရေးအတွက် လျှပ်စစ်ဓာတ်အား ၃၇၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ၁၃ ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ထို့အတူ ၃၉၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ၃ ခုကိုလည်း ထပ်မံအကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိပါ ကြောင်း၊ ထို့အပြင် နိုင်ငံအနှံ့ ဖြစ်နိုင်သမျှနေရာများတွင် Floating Solar စီမံကိန်းများ၊ Rooftop Solar စီမံကိန်းများနှင့် အသေးစား၊ အလတ်စားရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်ဆောင်ရွက် နိုင်ရေးအထူးကြိုးပမ်းလျက်ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံများတို့နှင့်လည်း လျှပ်စစ်ဓာတ်အားစနစ်ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ ရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းစွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ၏ ၂၃% ကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင်နိုင်ငံများနှင့် အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) နည်းပညာနှင့် အတွေ့အကြုံများအပေါ် တက်ရောက်ကြသည့် အရာရှိကြီးများ၊ ပညာရှင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပညာရှင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။