The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏ ရက်သတ္တပတ်တာကာလအတွင်း လျော့နည်းထုတ်လုပ်ဖြန့်ဖြူးသွားမည့်အပေါ် အများပြည်သူသိရှိနိုင်ရန် အသိပေးပန်ကြားခြင်း

၂၀၂၂ ခုနှစ်၊ မတ်လ  ၆ ရက်

၁။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူများလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက်  လက်ရှိကာလ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၆၆၇.၈) မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံးအပူစွမ်းအင်ဓာတ်အားပေးစက်ရုံများ နှင့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများမှ (၁၅၀၀.၃) မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက် များမှ (၈.၉) မဂ္ဂါဝပ်ခန့် စုစုပေါင်း (၂၁၇၇) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ် ပို့လွှတ်လျက်ရှိပြီး၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို တစ်နိုင်ငံလုံးမှ တစ်ရက်တာပျှမ်းမျှ ရယူ သုံးစွဲလိုမှုအနေဖြင့် နေ့ဘက်တွင် အများဆုံး (၃၄၀၀) မဂ္ဂါဝပ်ခန့်၊ ညဘက်တွင် အများဆုံး (၃၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး တစ်ရက်တာ ပျှမ်းမျှဓာတ်အားသုံးစွဲလိုမှုမှာ (၂၆၀၀) မဂ္ဂါဝပ်ခန့် သုံးစွဲလျက်ရှိပါသည်။

၂။            ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့် ရှိပါသည်။ သို့သော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်းများသည် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ဓာတ်အားလိုင်း(၃)လိုင်း မှ  နိုင်ငံတော်ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိရာ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်ခန့်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့်ဖြူး ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၃။            ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်နေရသည့် ပမာဏလျော့နည်းစေရန်အတွက် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံးပြင်ဆင်၍ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသလို တဖက်မှလည်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အား (၆၀) မဂ္ဂါဝပ်ခန့်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ (၁၀-၂-၂၀၂၂) ရက်နေ့မှစတင်၍ ထပ်တိုးဖြန့်ဖြူးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသစ်မှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ပေး နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်၍ အဆိုပါဓာတ်အားပေးစက်ရုံမှ (၁၅၀) မဂ္ဂါဝပ်ထိ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

၄။            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁၄၅၅) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန် စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။  ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံ တူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက် ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို  (၁၂-၃-၂၀၂၂) ရက်နေ့မှ (၁၈-၃-၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ထိုသို့ဆောင်ရွက်နေစဉ် အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရှိသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေသော ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ စုစုပေါင်း ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ပါသည်။

၅။            သို့ဖြစ်ပါ၍ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် (၁၃၀၄)မဂ္ဂါဝပ်ခန့် အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ပြည်သူ လူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ် ဓာတ်အားများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေး ပန်ကြားအပ်ပါသည်။

                                                                                              

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

06-Mar-2022