The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ၊ မတ်လ ( ၂၅ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ မတ်လ ( ၂၅ ) ရက်နေ့ ၊ နံနက် ( ၀၉:၀၀ ) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေး နည်း စနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦး ၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား/ သင်တန်းသူများ  တက်ရောက်ခဲ့ကြပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင်  အသိပညာ အခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများရရှိရေးသည် မရှိမဖြစ် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေဖို့ အရည် အချင်းမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်း ဖြစ်ပါကြောင်း၊  ထို့ကဲ့သို့ ဖွင့်လှစ်ပေးခြင်းဖြင့် ဝန်ကြီး ဌာနအတွက် အထောက်အကူပြုနိုင်မယ့် ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းဆိုတာ အသိပညာ၊ အတတ်ပညာပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုး စီးပွားကိုလိုလားခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဦးချင်းတစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု (Human Resources Development- HRD) သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  မိမိဝန်ကြီး ဌာနအတွင်းရှိ ဝန်ထမ်းများ အထူးသဖြင့် အလုပ်စတင် ဝင်ရောက်လာသည့် ဝန်ထမ်းများအတွက် ကွန်ပျူတာအကြောင်းကို အခြေခံကျကျ စတင်သိရှိနားလည်စေလိုပြီး အသုံးပြု ရမယ့် Software များ၊ Application     များကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိအသုံးပြုသွားနိုင်စေရေး၊ ရုံး လုပ်ငန်းတာဝန်တွေကို IT နည်းပညာအသုံးပြုပြီး ထိရောက်မှန်ကန်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးစီးခဲ့သည့် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးခဲ့ သည့် ဘာသာရပ်များနှင့် ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများ ပေါင်းစပ်၍ ရှာဖွေ စုဆောင်း လေ့လာသင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှု စသည့် အရည်အချင်း များနှင့်အတူ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရုံးစာများကို စနစ်တကျပြုစုတင်ပြနိုင်မှု၊ စာရင်းဇယားများကို တိကျမှန်ကန်စွာပြုစုနိုင်မှု၊ အထက်အဆင့်ဆင့်သို့ ရှင်းလင်းတိကျစွာ တင်ပြ အစီရင်ခံနိုင်မှု စသည့်  ကျွမ်းကျင်မှု အရည်အသွေးကောင်းများကို ပိုင်ဆိုင်ပြီး အကျိုးရှိရှိ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အသုံးချ၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဆောင်ရွက်ကြစေရေးနှင့် မိမိတို့၏ရှိပြီးသား အရည်အသွေးကို ပိုမိုတိုးတက်စေရန် ကြိုးစားဖို့လိုကြောင်း၊  မိမိတို့၏လုပ်ငန်းခွင်အသီးသီးကို ပြန်ရောက် သည့်အခါ သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အကျိုးရှိရှိ အသုံးချ ဆောင်ရွက်သွားစေရေးနှင့် ရပ်တန့်မနေဘဲ လက်ရှိသင်ကြားခဲ့မှုတွေပေါ် အခြေခံပြီး အချိန်နှင့်အမျှ တိုးတက်နေတဲ့ IT နည်းပညာတွေကို ဆည်းပူးလေ့လာကြဖို့ မိမိတို့မှတဆင့် ဆင့်ပွားပညာတွေ ဖြန့်ဝေ သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည် သင်တန်းသားများအား ဂုဏ်ပြုဆုများကိုလည်းကောင်း သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
25-Mar-2022