၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၁၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင် ဘက်(၁၄)မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီး ဌာန၊ အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိ စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် အမှတ်(၅) တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်မှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက် အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေး စက်ရုံလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအားလည်းကောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄)မဂ္ဂါဝပ် ထုတ်လုပ်နေမှု အခြေအနေများ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်တို့မှ ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေသဖြင့် နိုင်ငံတော် စီမံကိန်းများနှင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုးစားဆောင်ရွက်ရန်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ထုတ်လုပ်ရန်စီမံဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်မှုစရိတ် သက်သာသော ရေအား အရင်းအမြစ် များစွာရှိသဖြင့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားပမာဏများစွာ ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ဝန်ထမ်းများက ပြည်သူ လူထုကို သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက် နေသည်ကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရန် လိုပါကြောင်း၊ လက်ရှိအချိန် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထု၏ အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည် သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ ၄င်းအပြင် ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြု ရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြုစေရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိ သုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိသွားနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက်ခြင်းပြီးစီးနေမှုအခြေအနေ၊ ပင်မရေပိုလွှဲလုပ်ငန်း တည်ဆောက်ခြင်းဆောင်ရွက်မှု အခြေအနေ၊ရေယူအဆောက်အအုံ ကျောက်သားနံရံခိုင်ခန့်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေ၊ ရေထိန်းတံခါးပြွန် တည်ဆောက်ပြီးစီးနေမှုအခြေအနေ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်း တံခါးပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေမှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။
အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား(၁၈၀၀)ပေ အမြင့်(၂၃၀)ပေရှိ ဇုန်အမျိုးအစားကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ(၁၀၄၀၀၀) ဧက ပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇)သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၇၁.၆၃)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ပါသည်။
အဆိုပါအထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မဓာတ်အားခွဲရုံသို့ ချိတ်ဆက် ပို့လွှတ်၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။