The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍအတွက် လမ်းညွှန်မှာကြားခဲ့သည့်သတင်း

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်

       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၁)ရက် နံနက်(၁၀:၀၀) နာရီအချိန်၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

        ထိုသို့ပြောကြားရာ၌ ယခင်ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းဆောင်ရွက်မှုများ၏ အားသာချက်၊ အားနည်းချက်များကို စိစစ်သုံးသပ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့်ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ် ဓာတ်အားအမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတွင်သုံးစွဲသူပြည်သူများထံသို့ အလေအလွင့်နည်းပါးစွာဖြင့် လျှပ်စစ်မီးရရှိရေး စီမံ ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝ ရရှိရေး ကောက်ခံသွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများအပေါ် စေတနာ အပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ၄င်းအပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခ ဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေ အပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်  ဓာတ်အားစဉ်ဆက်မပြတ်  ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံသုံးပစ္စည်းများအား စစ်ဆေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နှင့် လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

       ဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား  အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

         အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ဦးသန့်စင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
22-Apr-2022