The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမွမ်းမံသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ၊ဧပြီလ (၂၅) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေးနည်းစနစ်များ နှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး (Human Resources Development - HRD) သည်  အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက် လျက်ရှိသကဲ့သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်မြင့်မားလာစေရန် ပြည်တွင်း/ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများသို့ စေလွှတ်တက်ရောက်စေခြင်း၊ မိမိတို့ဌာနများအတွင်း၌လည်း လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်းများ၊ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်း၊ အခြားဌာနများမှ ပို့ချသည့်သင်တန်းများသို့ တက်ရောက်သင်ကြားစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေ ရေးနှင့် e-Government စနစ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းက ပို့ချသော ဘာသာရပ်များကို အားတက်သရော ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုလောက်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ သင်တန်းနည်းပြ များနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

               ယခုဖွင့်လှစ်သည့် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၂)သို့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ(၅)ပတ်ကြာမြင့်မည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
26-Apr-2022