၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၂၅ )ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ဖြန့်ဖြူး လျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့် ပတ်သက်၍ ခရိုင် လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံသည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်အားပြည့်နေသည့်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ ဆောင်ရွက် ရန်လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျစီမံဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန် တွင် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက် လျော့နည်းနေသည့်အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျော့ချရခြင်းတို့ ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း ထိုသို့ ဓာတ်အား ထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်းတွင်လည်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့်စနစ်ကိုလည်း ပြည်သူများသိရှိအောင် အသိပေးကြေညာခြင်းများအပြင် ပြည်သူလူထု၏ မေးမြန်းလာမှုများကိုလည်း ပြေပြစ်ရည်ငံစွာ ဖြေကြားဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံးထိတွေ့နေသူများဖြစ်၍ ပြည်သူ လူထုအား နားလည်နိုင်စေရန် ရှင်းလင်းပြောကြားသွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီတာများ ပုံမှန်ဖတ်ရှုခြင်း နှင့် Online Billing စနစ်ရရှိအောင်ဆောင်ရွက်၍ ပြည်သူများ Online Payment စနစ်ဖြင့် ဓာတ်အားခငွေပေးဆောင်နိုင်ရေး၊ ဓာတ်အားခများလာရောက်ပေးသွင်းရာ၌ အချိန်တို၍ မြန်ဆန်အဆင်ပြေချောမွေ့စွာ ငွေလက်ခံနိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဓာတ်အား သုံးစွဲမှုကို ပြည့်မီအောင်ထုတ်လုပ်ပေးနိုင်ရန်အတွက် အခြားသော အရင်းအမြစ်များမှလည်း ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက် ဖြစ်ပါကြောင်း၊ ယခင် သုံးစွဲခဲ့သည့် ဓာတ်အားခကြွေးကျန်များ ကောက်ခံခြင်းများအပါအဝင် သတ်မှတ်ရက်များအတိုင်း မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။