၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၂၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက် စခန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) သို့ ရောက်ရှိပြီး ကမ်းလွန်အခြေစိုက် စခန်းအတွင်းရှိ ဆိပ်ခံတံတားများ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှု အခြေအနေ၊ စီမံကိန်းလုပ်ငန်း နေရာများ ၊ ရေလုံသင်္ဘောကျင်း (Dry Dock)၊ ပစ္စည်းစီမံဌာန ပိုက်စင်၊ ဂိုဒေါင်များနှင့် လုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်မည့် အစီအမံများနှင့် သင်တန်းခန်းမတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့် စခန်းတာဝန်ခံ အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်တို့က လိုက်လံရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပံ့ပိုးပေးနေသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ရေနံလုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းသိုလှောင် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယာဉ်နှင့်ယန္တရာအရံပစ္စည်း များအား စနစ်တကျ စာရင်းဇယားဖြင့် ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်းနှင့် ဝယ်ယူဖြည့်တင်းခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပြုစုထားရန်ဖြစ်ကြောင်း၊ လိုအပ်သော ရေနံမြေများကို အချိန်မီ ဖြန့်ဝေပေး နိုင်ရေး၊ စတိုလက်ကျန်ပစ္စည်းစာရင်းအား ဖြန့်ဝေထားရန် လိုအပ်ကြောင်း၊ စက်ပစ္စည်းများ ပြုပြင် ထိန်းသိမ်းခြင်းအတွက် ကျွမ်းကျင်ဝန်ထမ်းများ ပြန်လည်စုစည်းကာ ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်ပို့ချရန်ဖြစ်ကြောင်း၊ လုပ်ငန်းသုံနှင့် ဝန်ထမ်းအိမ်ရာများအတွက် လိုအပ်သော ရေသန့် အလုံ အလောက် ရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ကမ်းလွန်ရေနံ အခြေစိုက် စခန်း (သာကေတ) ဝန်းအတွင်းနှင့် ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာလှပရေး၊ မီးဘေး အန္တရာယ်နှင့် လုံခြုံရေးသတိပြု ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့ အသုံးပြုလိုသော လက်ကျန် ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းရန်နှင့် မလိုအပ်သော ပစ္စည်းများအား စာရင်းရှင်းလင်း ပယ်ဖျက်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဆိပ်ခံတံတားများ၏ ကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းထားရှိရန်တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။
ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ)သည် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံရှာဖွေ တူးဖော်ထုတ်လုပ်ခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်စေရန် အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကုန်တွင်းနှင့် ကမ်းလွန်ရေနံရှာဖွေတူးဖော်ထုတ်လုပ်သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများအား လက်ခံသိုလှောင်၍ လိုအပ်သည့် နေရာ ဒေသများသို့ ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေသော Offshore Supply Base တစ်ခုဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ထိန်း/ ဖြန့်စခန်းများ၊ အသုံးချသုတေသန၊ ပိုက်လိုင်းအခြေစိုက်စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေ အစမ်းတွင်းဒေသများတွင် တည်ဆောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ထောက်ပံ့ပို့ဆောင်ပေးခြင်းလုပ်ငန်းများနှင့် လုပ်ငန်းပိုင်သင်္ဘောများ လွန်းတင် ပြုပြင်ခြင်းလုပ်ငန်းများအား ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိပါသည်။