၂၀၂၂ ခုနှစ်၊ မေလ ( ၁၅ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝ ကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Clean Power Energy (CPE) Co.,Ltd တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံတည်ဆောက်မှု၊ ၂၃၀ ကေဗွီ သပြေဝပင်မ ဓာတ်အား ခွဲရုံသို့ ဓာတ်အားချိတ်ဆက်နိုင်ရန် ဓာတ်အားလိုင်းများတည်ဆောက်ခဲ့မှုနှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့နိုင်ငံတွင် နေရောင်ခြည် စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သဖြင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားရ မည်ဖြစ်ပါကြောင်း၊ ဤသပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရ သဖြင့် နောင်ပြုလုပ်မည့် ဆိုလာစီမံကိန်းများတွင်လည်း ဆိုလာ Tracking System နည်းပညာကို အသုံးပြု သွားရန်လိုအပ်ပါကြောင်း၊ သပြေဝပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ရန် နိုင်နင်းသည့် အတွက် ဤသပြေဝဆိုလာ ဓာတ်အားပေးစက်ရုံအနီးတွင်ရှိသည့် မြေလွတ်မြေရိုင်းများ ပေါ်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဆိုလာစီမံကိန်းသစ်များ စီမံကိန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သောဓာတ်အားများ မပြတ်တောက်စေရေးနှင့် ဓာတ်အား စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အား အလေးထားဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်အဖွဲ့ဝင်များသည် ဓာတ်အားထိန်းချုပ် ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား စနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေနှင့် စက်ရုံဧရိယာ အတွင်း Solar Panal များ တပ်ဆင်ထားမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လိုအပ်သည်များအား ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။
သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ(၁၃၃.၄၄)ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင် အင်အားမှာ (၃၀)မဂ္ဂါဝပ် ဖြစ်ကာ အမြင့်ဆုံးလျှပ်စစ်စွမ်းအားနှုန်း (၄၅၅)ဝပ် ရှိသည့် Bifacial Monocrystalline Silicon Module ပေါင်း (၈၃၇၅၂)ခု Single Axis Solar Tracker (၉၆၆)စုံ တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကာ အဆိုပါဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်ကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၆၆) သန်း ထုတ်လုပ်ပေးလျက်ရှိပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၄)မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ်ကောင်းကင် ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံမှ တဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲပိုင်း၌ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထပ်မံ တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် တို့အား မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်းရှိ Switch Yard အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ ဖြန့်ဖြူးထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တာဝန်ကျေပွန် ထူးချွန် သည့် နိုင်ငံ့ဝန်ထမ်းများအား အသိအမှတ်ပြု ချီးမြှောက်ပေးရေးလမ်းညွှန်ချက်နှင့်အညီ သပြေဝ ပင်မဓာတ်အားခွဲရုံမှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထူးချွန်စွာ ထမ်းဆောင်နိုင်မှု၊ ဓာတ်အားခွဲရုံဝန်းကျင်တွင် သန့်ရှင်းသပ်ရပ် လှပစေရန် ဆောင်ရွက်နိုင်မှုတို့ကြောင့် ပြည်ထောင်စု ဝန်ကြီးမှ ၎င်းဝန်ထမ်းများအား ဆုချီးမြှင့်ခဲ့ပါသည်။