The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ မေလ (၂၁) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေ အခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့လည်းကောင်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)အတွက် လိုအပ်သော ရေနံစိမ်း နှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပေးနေသည့် ထောက်ရှာပင်၊ ကမ်းနီရေနံမြေရှိ ရေနံမြေမှ ထွက်ရှိ သည့် ရေနံစိမ်းများ လက်ခံသိုလှောင်ထားသော သံကန်တန်းများကိုလည်းကောင်း၊ တွင်းပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်တို့ကိုလည်းကောင်း အသီးသီး ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်း ရေနံမြေ အစည်းဝေးခန်းမ၌ ထောက်ရှာပင်၊ ကမ်းနီနှင့် မန်းရေနံမြေတို့မှ ဝန်ထမ်းများ၊ မကွေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ရေနံမြေ အထွေထွေ မန်နေဂျာများနှင့် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာတို့က ရေနံမြေများနှင့် စီမံကိန်း များအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။  

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော် အတွက် လိုအပ်သော စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ မပြတ်တောက်စေရေးနှင့် လျှပ်စစ်ဓာတ်အား ပြည့်မီအောင်ဖြန့်ဖြူးပေးနိုင်ရေးတို့သည် မိမိတို့ ဝန်ကြီးဌာနများ၏ အရေးကြီးလုပ်ငန်း တာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) အနေဖြင့် စက်ရုံ၏အဓိကထုတ်ကုန်များ ဖြစ် သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ် ပေးလျက် ရှိပြီး စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ရေနံမြေများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ဖြစ် ကြောင်း၊ ရေနံမြေနှင့် ရေနံချက်စက်ရုံများသည် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် စက်မောင်းဆီများကို ကိုင်တွယ်လုပ်ကိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် လုံခြုံရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကိုလဲ အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရာတွင် သတ်မှတ်ထားသော Standard Operation Procedure (SOP) စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လေးစားလိုက်နာပြီး ပြည်သူများမှ လေးစားအားထားရသော နိုင်ငံ့ဝန်ထမ်း များဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် ယခုရေနံမြေလုံခြုံရေးနှင့် ပိုမိုပြီး စွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိအောင် လိုအပ်သည့် လုံခြုံရေးကို ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့မှူးနှင့် မိမိဌာနမှ လုံခြုံရေးဝန်ထမ်း တိုးချဲ့ခန့်ထားမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)၊ ရေနံမြေများမှ ဝန်ထမ်းများ အား အမှတ်တရသစ်သီးခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-May-2022