The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ၊ မေလ ( ၂၇ ) ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ ရုံးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ မေလ ( ၂၇ ) ရက်နေ့ ၊ နံနက် ( ၀၇:၀၀ ) နာရီ အချိန် တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန များနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ  တက်ရောက်ခဲ့ကြပါသည်။

             ရှေးဦးစွာ ဒုတိယဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အသိပညာ အခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများရရှိရေးသည် မရှိမဖြစ် အလေးထား ဆောင်ရွက် ရမည့် လုပ်ငန်းပင်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အသိပညာ၊ အတတ်ပညာ တိုးပွားစေဖို့ အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေခြင်း ဖြစ်ပါကြောင်း၊  ထို့ကဲ့သို့ ဖွင့်လှစ်ပေးခြင်း ဖြင့် ဝန်ကြီးဌာနအတွက် အထောက်အကူပြုနိုင်မယ့် ဝန်ထမ်းကောင်းများ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းဆိုတာ အသိပညာ၊ အတတ်ပညာ ပြည့်စုံမှုအပြင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို လိုလားခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်း တစ်ယောက်ချင်း၊ အဖွဲ့အစည်းများအလိုက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု (Human Resources Development- HRD)သည် အခြေခံ အကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ အထူးသဖြင့် အလုပ်စတင် ဝင်ရောက်လာသည့် ဝန်ထမ်းများအတွက် ကွန်ပျူတာ အကြောင်းကို အခြေခံကျကျ စတင်သိရှိနားလည်စေလိုပြီး အသုံးပြုရမယ့် Software များ၊ Application များကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိအသုံးပြုသွားနိုင်စေရေး၊ IT နည်းပညာအသုံးပြုပြီး ရုံးလုပ်ငန်းတာဝန်တွေကို ထိရောက် မှန်ကန်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်နဲ့ စာရွက်စာတမ်းအသုံးပြုတဲ့ ရုံးလုပ်ငန်းစနစ်မှသည် Computer ကို ပိုမိုအသုံးချတဲ့ Paperless စနစ်ကို ဦးတည်နိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ Database များကို Microsoft Excel ဖြင့် စနစ်တကျ တည်ဆောက်တတ်လာစေရန်နှင့်  Presentation များဖြင့် ရှင်းလင်း တင်ပြရာတွင် မိမိကိုယ်တိုင် လှပသေသပ်သည့် Presentation တစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်စေဖို့ ကွန်ပျူတာအခြေခံကို အဓိကထားပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံ သင်တန်း ဒုတိယအကြိမ်မြောက်အဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်ပြီးစီးခဲ့သည့် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးခဲ့သော ဘာသာရပ်များ နှင့် ယခင်ရှိပြီးသော လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများပေါင်းစပ်၍ ရှာဖွေစုဆောင်း လေ့လာ သင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ်ခွဲခြမ်း စိတ်ဖြာသုံးသပ် နိုင်မှုစသည့်အရည်အချင်းများနှင့်အတူ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရုံးစာများကို စနစ်တကျ ပြုစုတင်ပြနိုင်မှု၊ စာရင်း ဇယားများကို တိကျမှန်ကန်စွာပြုစုနိုင်မှု၊ အထက်အဆင့်ဆင့်သို့ ရှင်းလင်းတိကျစွာ တင်ပြ အစီရင်ခံနိုင်မှု စသည့် ကျွမ်းကျင်မှုအရည်အသွေးကောင်းများကို ပိုင်ဆိုင်ပြီး အကျိုးရှိရှိ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အသုံးချ၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ ဆောင်ရွက်ကြစေရေးနှင့် မိမိတို့၏ ရှိပြီးသား အရည်အသွေးကို ပိုမိုတိုးတက်စေရန် ကြိုးစားဖို့လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းခွင် အသီးသီးကို ပြန်ရောက်သည့်အခါ သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံတွေကို လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချ ဆောင်ရွက်သွားစေရေးနှင့် လက်ရှိသင်ကြားခဲ့မှုတွေပေါ် အခြေခံပြီး အချိန်နှင့်အမျှ တိုးတက်နေသည့် IT နည်းပညာတွေကို ဆည်းပူး လေ့လာကြဖို့ မိမိတို့မှ တဆင့် ဆင့်ပွားပညာတွေ ဖြန့်ဝေ သွားကြစေလိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့်သူများဖြစ်ရေး နေထိုင်ကျင့်ကြံသွားကြရန်နှင့် နိုင်ငံတော်နှင့် ဝန်ကြီး ဌာနအတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားပြုလောက်သည့် သီလ၊ သမာဓိ၊ ပညာ ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြပါ၊ နိုင်ငံတော်အကျိုးအတွက် ကြိုးပမ်းထမ်းဆောင် ကြပါလို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည် သင်တန်းသားများအား ဂုဏ်ပြုဆုများကိုလည်းကောင်း သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့ပြီး နည်းပြများနှင့်သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-May-2022