၂၀၂၂ ခုနှစ်၊ ဇွန်လ ( ၁၁ )ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ များ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ နှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်(၁၅%)ခန့် တိုးတက်သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် နည်းမျိုးစုံဖြင့် တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဓာတ်အားပို့လွှတ်ခြင်းအပိုင်း တိုးချဲ့ဆောင်ရွက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း အပိုင်းများကိုလည်း တိုးချဲ့ပြုပြင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကို အားလုံးမှ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ကြရန်နှင့် ရရှိလာသော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထား သည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲ တည်ဆောက်ကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား များအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ကျန်ရှိနေသည့် ဓာတ်အားခ ကြွေးကျန်များကိုလည်း ရာနှုန်းပြည့် အပြည့်အဝ ကောက်ခံ ရရှိစေရေး ခရိုင်/ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံ များမှ အောက်ခြေအထိကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး စေတနာထား၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အား တိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြကြရာ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ် များက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။