The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနတို့၏ ပထမ(၃)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနတို့၏ ပထမ(၃)လပတ်ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် စီမံကိန်းမန်နေဂျာများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ် မျိုးစုံကို အသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး တိုးတက် ထုတ်လုပ် နိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း သတ်မှတ် ဘဏ္ဍာကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏကို ပြီးစီးနိုင်ရေးဆောင်ရွက်ရန်နှင့် ရရှိသည့် နိုင်ငံတော်၏ ဘဏ္ဍာရံပုံငွေကိုလည်း စနစ်တကျ စိစစ်၍ သုံးစွဲသွားကြရန်လိုအပ်ပါကြောင်း၊  ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် မည်သို့ပင်ထုတ်လုပ်နိုင်စေကာမူ သုံးစွဲသူထံ ရောက်ရှိအောင် ပို့လွှတ်ရသည့် ဓာတ်အားပို့လွှတ်ရေးအပိုင်းသည်လည်း အရေးကြီးသည့်အတွက် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံး (Losses)ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီရောက်ရှိစေရန် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီး ဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်း ချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် မိမိတို့ကျရာအခန်းကဏ္ဍများမှ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။  

               ထို့နောက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများက မိမိတို့တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းညွှန်ကြားရေးမှူးများနှင့် စီမံကိန်း မန်နေဂျာများက စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
29-Jun-2022