၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ( ၂၁ )ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူတိုင်းဒေသကြီး (အရှေ့ပိုင်း) အတွင်းရှိ ကွန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့၏ အနောက်တောင်ဘက် (၉) မိုင်ခန့် အကွာတွင် တည်ဆောက်ထားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ကွန်းချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ ဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက် များ၊ နှစ်အလိုက်ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ဓာတ်အားပေးစက်များ မောင်းနှင်မှု အခြေအနေ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေ၊ ဓာတ်အားပေး စက်ကြီးများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် စက်ရုံဧရိယာအတွင်း လုံခြုံရေးစီစဉ်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိက ကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များ ရရှိမှုအပေါ် အခြေခံ၍ စီးပွားရေးအရ တွက်ချေကိုက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားပေးစက်များအား စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ် နိုင်ရေးအတွက် ရေလှောင်တမံအတွင်း စီးဝင်လာသောရေကို စနစ်တကျ သိုလှောင်၍ လျှပ်စစ် ဓာတ်အားများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေး၊ သတ်မှတ် Schedule အတိုင်း ဓာတ်အားပေး စက်များလည်ပတ်ထုတ်လုပ်နိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက် သွားရန်တို့အား မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုအခြေအနေ၊ တာဘိုင်ခန်း အတွင်း စက်များ မောင်းနှင်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှု၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှုအခြေအနေများအားလည်းကောင်း အသီးသီး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့၏ အနောက်ဘက် (၇)မိုင်ခန့် အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ ဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဘိုင်ခန်းအတွင်း စက်များ မောင်းနှင်နေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ပင်မတမံကြံ့ခိုင်မှုအခြေအနေ များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကွန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ကွန်းချောင်းပေါ်တွင် တည်ရှိပြီး (၂၀)မဂ္ဂါဝပ် ထွက်ရှိသော ဓာတ်အားပေးစက်(၃)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား(၆၀)မဂ္ဂါဝပ် ဖြင့် တစ်နှစ်လျှင် ပျှမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၉၀ သန်းကို နိုင်ငံတော် ဓာတ်အားစနစ်သို့လည်းကောင်း၊ ဖြူးချောင်းဓာတ်အားပေးစက်ရုံသည် ဖြူးချောင်းပေါ်တွင် တည်ရှိပြီး (၂၀)မဂ္ဂါဝပ်ထွက်ရှိသော ဓာတ်အားပေးစက်(၂)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား (၄၀)မဂ္ဂါဝပ်ဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀ သန်းကို နိုင်ငံတော်ဓာတ်အားစနစ်သို့လည်းကောင်း စက်စွမ်းအားပြည့် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက် ရှိသဖြင့် လက်ရှိ အခြေအနေတွင် ရေဝင်ရောက်မှုနည်းသော်လည်း လာမည့်နွေရာသီအမီ လျှပ်စစ် ဓာတ်အားလိုအပ်ချက်အားပြည့်မီအောင် ရေလှောင်တမံများအတွင်းသို့ စီးဝင်လာသည့် ရေကို သိုလှောင်စုဆောင်းပြီး စနစ်တကျစီမံ၍ တစ်နှစ်ပတ်လုံး ဓာတ်အား စဉ်ဆက်မပြတ် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါသည်။