The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ (  ၁ ) ရက်

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေး တိုးတက်မြင့်မား စေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ( ၁ ) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်း ကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။   

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယနေ့သင်တန်းများကို တက်ရောက်လာကြသည့် သင်တန်းသား အသီးသီးတွင် ထိုက်သင့်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့်  ပင်ကိုယ်စွမ်းရည်များကိုယ်စီရှိပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရေးနည်းပညာများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျက် ရှိသည့်အတွက် မိမိတို့ အိမ်နီးချင်းနိုင်ငံများနှင့် အင်ဂျင်နီယာဆိုင်ရာ အရည်အချင်းများ ယှဉ်ပြိုင်စွမ်းဆောင်ကြရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဝန်ထမ်းများ အတွက်လည်း ရုံးလုပ်ငန်းတာဝန်တွေကို IT နည်းပညာ အသုံးပြုပြီး ထိရောက်မှန်ကန် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ဌာန အသီးသီးတွင် Paperless စနစ်ကိုဦးတည်၍ နေ့စဉ်၊ လစဉ် ၊ နှစ်စဉ် ပြုစုသိမ်းဆည်းရန် လိုသည့် စာရင်းဇယား၊ အချက်အလက်များကို ကွန်ပျူတာ တွင် Excel အသုံးပြုပြီး Database များ စနစ်တကျ တည်ဆောက် သိမ်းဆည်းထားတတ်စေရန်နှင့် အထက်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြမှုများ ပြုလုပ်ရာတွင် မိမိကိုယ်တိုင် လှပသေသပ်သည့် Presentation တစ်ခုဖြစ်အောင် လုပ်ဆောင်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရုံးလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီး စဉ်ဆက်မပြတ် ရရှိရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံ များတွင် (၂၄) နာရီ အလှည့်ကျ ဂျူတီဖြင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ စေတနာနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း၊ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း ရေအား လျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို နိုင်ငံတစ်ဝှမ်း ရေတို ရေရှည် စီမံချက်များ ချမှတ်ပြီး ဖြန့်ကျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်ဂျင်နီယာ သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာ လုပ်ငန်းခွင်အတွင်း တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေး မှန်ကန်ကောင်းမွန်မှုကို စစ်ဆေးပြုပြင်နိုင်ရမည်ဖြစ်ပြီး မိမိလက်အောက် အမှုထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် အရည်အချင်းများ မှန်ကန်ကောင်းမွန်စေရေး ဆင့်ပွားလေ့ကျင့်ပေးသွားရန် လိုအပ် ပါကြောင်း၊ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပေးသည့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်လျှင် မိမိအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန ဂုဏ်သိက္ခာ တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန်ဆွေးနွေးခြင်းမှ ရရှိသည့် အသိများ၊ သင်တန်းသားအချင်းချင်း ဖလှယ်၍ရသည့် အတွေ့အကြုံများအရ လုပ်ငန်းတာဝန်များကို တက်ကြွစွာဆောင်ရွက်ကြပြီး ဌာနအကျိုး၊ ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာကောင်းအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်းနှင့် ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ မိမိ ဝန်ကြီးဌာန၏ မူဝါဒများ ချမှတ်ထားသည့်စည်းကမ်းများနှင့် သင်တန်းကာလ တစ်လျှောက်လုံးတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များကို ဆက်လက်ဆည်းပူးလေ့လာပြီး လျှပ်စစ်အင်ဂျင်နီယာ ကောင်းများ ရုံးလုပ်ငန်းဆိုင်ရာဝန်ထမ်းကောင်းများအဖြစ် ဌာနအကျိုး၊ အများပြည်သူအကျိုးတို့အား စွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

               လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှု/ လျှပ်စစ်အင်ဂျင်နီယာများအတွက် ဓာတ်အားခွဲရုံ များ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၄)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းများ၌ သင်တန်းသား (၂၅)ဦးစီကို စာတွေ့/ လက်တွေ့ ဖြင့် ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်းအမှတ်စဉ်(၃)၌ သင်တန်းသား (၅၀)ဦးကို စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တ (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
01-Aug-2022