၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ( ၁၃ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က အမှာစကားပြောကြားရာတွင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုတွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရေး တို့အတွက် စက်မှုဇုန်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ် ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် နိုင်ငံတွင် နှစ်စဉ် တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ဆဲစီမံကိန်းများ အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဆက်လက်၍လည်း လေစွမ်းအင် အပါအဝင် အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ် ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးနှင့် ဝန်အားပြည့်နေသည့် ဓာတ်အား လိုင်းများအား ဓာတ်အားများ ပိုမို သယ်ယူနိုင်ရေးတို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်/ စက်မှုလက်မှု လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် ဓာတ်အားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက် ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ၏ ဓာတ်အားလိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက်ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် များစွာတိုးတက်လာနိုင်မည်ဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်မှု လက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်လင်း ပြောကြားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပို့လွှတ်နေမှု အခြေအနေများအားလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လည်းကောင်း၊ စက်မှုဇုန် များရှိ တာဝန်ရှိသူများက လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ လိုအပ်ချက်များအားလည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးကြပါ သည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။