The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းများနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (  ၂၇  ) ရက်

             လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတဝှမ်း ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေး နိုင်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရနိုင်သမျှသောစွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားထုတ်လုပ်မှုပုံစံ မျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက်ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်လျက်ရှိသည်များအနက်မှ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ၂၀ မဂ္ဂါဝပ် ရေပေါင်းဆုံနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်း၊ ကျောက်ဆည် မြို့နယ်ရှိ  ၃၀ မဂ္ဂါဝပ် ဘဲလင်းနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်ရှိ ၂၀ မဂ္ဂါဝပ် ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ ၃၀ မဂ္ဂါဝပ် ဘဲလင်းနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံတို့သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကုမ္ပဏီတာဝန်ရှိသူများက ရေပေါင်းဆုံနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်နေမှု အခြေအနေ၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်နေမှုအခြေအနေ၊ ဘဲလင်းနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်နေမှု အခြေအနေများနှင့် ရေပေါင်းဆုံ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က ဖြည့်စွက်ရှင်းလင်း တင်ပြ ခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ နိုင်ငံတွင်  နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သဖြင့် နေရာင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ များကို အကောင်အထည်ဖော် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ ဆိုလာစီမံကိန်းများတွင် Tracking System တပ်ဆင်ထားခြင်းကြောင့်  လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရ သဖြင့် ဆိုလာ Tracking System နည်းပညာကို အသုံးပြုတည်ဆောက်သွားရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီအသီးသီးမှ စီမံကိန်း မြေနေရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းနေမှု များအား အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်သူများလိုအပ် နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည့်အတွက် လက်ရှိ တည်ဆောက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းများကို သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ ပြည်သူများလျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိသုံးစွဲနိုင်ရေးအတွက် ဆောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက် တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်ရေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းခွင်များအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရေပေါင်းဆုံဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-Aug-2022