နေပြည်တော်၊ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ( ၁ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများတည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်းနှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၄) သင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ( ၁ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီ အချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင် နေကြသည့် ဦးစီးအရာရှိ(စက်/လျှပ်) ၊ လက်ထောက်အင်ဂျင်နီယာ ၊ လက်ထောက်မန်နေဂျာ (အင်/ယာ) ၊ ဒု-ဦးစီးမှူး (စက်/လျှပ်)၊ အငယ်တန်းအင်ဂျင်နီယာ(၂)တို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေးခရီးစဉ်များနှင့်အတူ (၅)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတိုအတွင်း အရာအားလုံးပြည့်စုံစွာ သိရှိနိုင်မည် မဟုတ်သော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် အဓိကလိုအပ်သည့် လျှပ်စစ်ဆိုင်ရာပညာရပ်များ လုပ်ထုံးလုပ်နည်းများ လုပ်ငန်းစဉ်များကို အဓိကထား သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှု လုပ်ငန်းများ၌ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာများဖြစ်သည့် Internet of Things (IOT), Artificial Intelligence(AI), Digital Substation နည်းပညာများကို အသုံးပြု၍ ကုန်ကျစရိတ် သက်သာသော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှု နည်းပါးပြီး ထိရောက်သည့် စွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear (MTS), Unmanned ဓာတ်အားပေးစက်ရုံ၊ ပင်မဓာတ်အားခွဲရုံ Design များ ရေးဆွဲတတ်စေရန်နှင့် လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် brainstorming technique ဖြင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းစီမံခန့်ခွဲရေး၊ စာရင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter , Server , Data Base နှင့် ဆက်သွယ်ရေး နည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ် ၊ ဓာတ်အား ကွပ်ကဲ/ ထိန်းသိမ်း/ မောင်းနှင် စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အားဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုများအား လျော့ကျစေရန်နှင့် ကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက် များ၊ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးတို့ကို မပျက်မကွက်ထိုးနှံသွားရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍လည်း မိမိတို့၏စက်ရုံ၊ အဆောက်အဦနှင့် တစ်ဦးချင်းစီ၏လုံခြုံရေး ဆိုင်ရာများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အထူးဂရုပြု ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်းမှ ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းမှ ထူးချွန်ဆု ရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ညွန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။