နေပြည်တော်၊ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ( ၉ ) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဦးစီးအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း(ပေါင်းလောင်း)၌ Covid- 19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ယနေ့ခေတ်တွင် ပေးအပ်သည့် ရည်မှန်းချက်တာဝန်များအပေါ် စိစစ်အကဲဖြတ်ရာ၌ ရလဒ်အခြေပြု (Result Based) ပုံစံဖြင့် တိုင်းတာသတ်မှတ်လာကြသည်ကို တွေ့မြင်ရပါကြောင်း၊ Result Based ကိုသွားဖို့အတွက် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်းကောင်းများရရှိရေးသည် မရှိမဖြစ် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်း များသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိမှုအပြင် အသိပညာ၊ အတတ် ပညာများဖြင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်မှုသည် အဓိကကျသည့် အတွက် ပြည်သူများ၏ နှစ်စဉ်တိုးတက်နေသော ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် ရေအား၊ နေအား၊ အပူစွမ်းအင် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ရေအား လျှပ်စစ်စီမံကိန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော်တည်ဆောက်နိုင်ရေး အင်တိုက် အားတိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဌာန လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်ကာ မိမိတို့ကိုယ်ပိုင်အရည်အသွေးကို အသုံး ချပြီး အကောင်းဆုံး ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် နိုင်ငံ၏ ရေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်မြင့် နည်းပညာရပ်တွေကို မည်ကဲ့သို့ အသုံးချနေသည်ဆိုတာကို ရှင်းလင်းနားလည်သဘောပေါက် ခဲ့ကြပြီလို့ ယုံကြည်ပါကြောင်း၊ သင်တန်းဆင်းပြီး မိမိတို့တာဝန်ကျသည့် လုပ်ငန်းခွင် အသီးသီးသို့ ရောက်ရှိသည့်အခါ သင်တန်းကရရှိခဲ့သော အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတ များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ အင်ဂျင်နီယာကောင်းများဖြစ်အောင် ကြိုးစားကြပြီး အသစ်အသစ်သော နည်းပညာရပ်များ ကိုလည်း ဆက်လက်ဆင့်ပွား ဆည်းပူးသွားကြရန်၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ကြရန်၊ ပေးအပ်လာသည့် တာဝန်ကို ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် ခံယူချက်ထားပြီး အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သည့် သူများဖြစ်စေရေး နေထိုင်ကျင့်ကြံသွားကြရန်၊ နိုင်ငံတော်အတွက်၊ ဝန်ကြီးဌာနအတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားရသည့် သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်း၊ အင်ဂျင်နီယာကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ် များအား သင်တန်းသားများထံ ပေးအပ်ခဲ့ပြီး ထူးချွန်ဆုရရှိသူများက သင်တန်းတွင် လေ့လာ ခဲ့သည်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆက်လက်လေ့လာရန် လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်း နည်းပြများ၊ သင်တန်းသား/သူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ကြောင်း သိရပါသည်။